CNI New

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈

ယခုနှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၌ မည်ကဲ့သို့စုဖွဲ့မှုအစိုးရပုံစံမျိုး တက်လာနိုင်သလဲဆိုသည့်အပေါ် အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲတွင် အနိုင်ရသည့်ပါတီက ၂၅ ရာခိုင်နှုန်းထက်ကျော်သည့် ရာခိုင်နှုန်း ၃၀ သို့မဟုတ် ၄၀ ရသည့်ပါတီ ဆိုလျှင် အစိုးရဖြစ်ရန် အလားအလာရှိကြောင်း၊ သို့မဟုတ်ပါက ညွှန့်ပေါင်းအစိုးရပဲ ဖြစ်မည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံအရ နေရာတိုင်းမှာ ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စုအစိုးရမှာ ၂၅ ရာခိုင်နှုန်းလောက် သူက ရထားတယ်ဆိုတော့ ဒါကြောင့် အနိုင်ရတဲ့ပါတီ က အနည်းဆုံး ကျနော်တို့ အဲ ၂၅ ရာခိုင်နှုန်းထက်ကျော်တဲ့ ရာခိုင်နှုန်း ၃၀,၄၀ ရတဲ့ပါတီဆိုရင်တော့ အစိုးရဖြစ်ဖို့ အလားအလာ ရှိပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ညွှန့်ပေါင်းအစိုးရပဲ ဖြစ်ပြီးတော့ ကိုယ်ရတဲ့ မဲရာခိုင်းနှုန်း အရပေါ့လေ။ ပါတီတွေက အစိုးရထဲမှာ ကိုယ်စားပြုမယ် လွှတ်တော်ထဲမှာ ကိုယ်စားပြုရရင်တော့ ကျနော်တို့ ညွှန့်ပေါင်းသဘောမျိုး ဆန်ဆန်ပေါ့။ အစုဖွဲ့ရမယ့် ရွေးကောက်ပွဲအလွန် အစိုးရပုံစံလည်း ဖြစ်လာ နိုင်ပါတယ်။ နောက်ဘယ်သူကမှ ထက်ဝက်ကျော် မနိုင်ဘူးဆိုရင်တော့ ကျနော်တို့ ပါတီပေါင်းစုံကို ပြန်ပေါင်း ပြီးတော့ ၃-၄ ပါတီလောက် ပေါင်းပြီးတော့ ကျနော်တို့ အစိုးရဖွဲ့တဲ့ ပုံသဏ္ဍာလည်း ဖြစ်သွားနိုင်ပါတယ်” ဟု ပြော သည်။

 နိုင်ငံရေးပါတီများ အချင်းချင်း တွေ့ဆုံကြစဉ်

အစိုးရဖွဲ့မည်ဆိုသည့် ပါတီများက ဘယ်လောက်နိုင်မည်ဆိုသည်ကို မပြောတက်သေးကြောင်း၊ တပ်မတော်က ၂၅ ရာခိုင်နှုန်း ရှိနေကြောင်း၊ ၂၅ ရာခိုင်နှုန်းလောက် မနိုင်ဘူးဆိုပါက တပ်မတော်မှ ဦးဆောင်၍ အစိုးရဖွဲ့ခြင်းမျိုး ဖြစ်နိုင်သည်ဟု အမျိုးသားဒီမိုကရက်တစ် အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ဘယ်ပါတီတွေက ဘယ်လောက် ဝင်ပြိုင်မလဲဆိုတာလဲ မပြောတတ် သေးဘူးပေါ့နော်။ အဲလိုဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အပြိုင်တင်ရမယ်ပေါ့။ တင်ပြီးသွားလို့ရှိရင် တော့ နည်းနည်း မှန်းလို့ရမယ်ထင်တယ်။ ဘယ်သူက ဘယ်လောက် အားသာချက် ရှိနိုင်မလဲဆိုတဲ့ ဟာမျိုးကိုပြော ဖို့ စောသေးတယ်ထင်တာပဲ။ ဒါတပ်မတော်ကတော့ ၂၅ ရာခိုင်နှုန်း ကတော့ ပါမှာပဲလေ။ ဒုသမ္မတကလည်း ကြိမ်းသေပါမယ်။ ဝန်ကြီး ၃ ပါးကလည်း ကြိမ်းသေပေါက် ပါမှာပေါ့။ ဒါဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားချက် ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နဲ့က နိုင်လာတဲ့ ဘယ်ပါတီက ဘယ်လောက် ဖြစ်မလဲဆိုတာတော့ မပြောတက်ဘူး တစ်ပါတီထဲကနေ အများကြီး အပြတ်အသတ် နိုင်သွားတာမျိုး မဟုတ်ဘဲနဲ့ ကိုယ်စားလှယ် ရရှိမှု နှုန်း သိပ်မကွာကြဘူး ဆိုလို့ရင်တော့ ဖြစ်နိုင်ခြေများတာက ပါတီတွေ အချင်းချင်း ညှိနှိုင်းပြီးတော့မှ လုပ်မှာလား တပ်မတော်နဲ့ ညှိနှိုင်းပြီးတော့ သွားမှာလားပေါ့။ အစိုးရ ဖွဲ့မယ်ဆိုတဲ့ဟာမှာ ပါတီတွေက ဘယ်လောက် နိုင်မယ် မပြောတတ်သေးဘူး။ အဲအတွက်ကြောင့် အစိုးရဘယ်လိုပုံစံ ပေါ်မယ်ဆိုတာ သိဘူးပေါ့။ ပါတီတွေက တစ်ပါတီက တစ်ပါတီများများစားစား မနိုင်ဘဲနဲ့ အဲလိုမျှခြေလေးပေါ့။ ဥပမာ တပ်မတော်က ၂၅ ရာခိုင်နှုန်းရှိတာကို ၂၅ ရာခိုင်နှုန်းလောက် မနိုင်ဘူးဆိုလို့ရှိရင်တော့ အကုန်လုံးက သူက ၁၀ ရာခိုင်နှုန်းလောက် နိုင်တယ်။ ဒီဘက်က ၂၀၊ တစ်ယောက်က ၁၅‌ လောက်နိုင်တယ်ဆိုတဲ့ အဲလိုမျိုး ပြန့်ကြဲသွားလို့ရှိရင်တော့ တပ်မတော်က ဦးဆောင်ပြီး အစိုးရဖွဲ့တာ ဖြစ်နိုင်တာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်အမျိုးသားပါတီ(ANP) စသည့် လူထုထောက်ခံမှု အားကောင်းသော နိုင်ငံရေးပါတီများ ဝင်ရောက်ယှဉ်ရန် မရှိပေ။

နိုင်ငံရေးပါတီများကို တွေ့ရစဉ် 

ရွေးကောက်ပွဲအလွန် တက်လာမည့် အစိုးရသည် ဖွဲ့တောင်ဖွဲ့ပြီးသွားပြီဟု ထင်ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။

“နောက်တက်လာမဲ့ အစိုးရဆိုတာက တမင်အစားထိုးပြီးသား ဖြစ်တယ်။ ဒါကျနော့် အမြင်ပေါ့နော်။ နောက်တက် လာမယ့် အစိုးရ ကျနော်ထင်တယ် ဖွဲ့တောင်ဖွဲ့ပြီးသွားပြီထင်တာပါပဲ။ အဲဝောာ့ နောက်တက်လာမဲ့ အစိုးရသည် ခုနက ပြောသလို အဖွဲ့အစည်း ပေါင်းစုံကို Stateholder လို့ခေါ်တာပေါ့နော်။ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ အစုံ ပါဝင်ပြီးတော့မှ ဖွဲ့စည်းရင် အစိုးရတစ်ရပ်ဖြစ်မယ်လို့ စုံစမ်းသင့်တယ်။ ဒါပေမယ့် ခေါင်းဆောင်မယ့် သူနဲ့ ခေါင်းဆောင်မှု အပိုင်းက စဉ်းစားပြီးသား ရွေးချယ်ထားပြီးသား ဖြစ်တယ်။ plan ချပြီးသားဖြစ်တယ်။ အစိုးရကို ခေါင်ဆောင်မယ့်သူ သမ္မတ ဘယ်သူဖြစ်မလဲဆိုတာ ကြိုစဉ်းစားထားပြီးသားဖြစ်တဲ့ အဖြစ်မျိုးတွေ ဖြစ်တယ်”ဟု ပြောသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ပြည်တွင်း/ပြည်ပ သံမတန်များကတော့ မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲသည် အမည်ခံ သက်သက်သာ ဖြစ်ပြီး မည်သည့် ရလဒ်ထွက်လာပါစေ တပ်မတော်က ဦးဆောင်သည့် အစိုးရပုံစံတစ်ရပ်သာ ထွက်လာမည်ဖြစ်ကြောင်း ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် တပ်မတော် မကြိုက်သည့် ရလဒ် ထွက်၍ မရကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီ(PP)၏ဥက္ကဋ္ဌ ဦးကိုကိုကြီးကလည်း ပြောကြားထားသည်။