CNI International News

တဲလ်အဗစ်၊ မတ်လ ၄

အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ပွဲသည် နှစ်နှင့်ချီ ကြာမြင့်လိမ့်မည် မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အစ္စရေးသည် အီရန်အပြင် လက်ဘနွန်ရှိ အီရန်၏ ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကိုပါ တိုက်ခိုက် နေသည်။

ထို့နောက် အီရန်ကလည်း အမေရိကန် စစ်စခန်းများကို လက်ခံထားရှိသည့် ပင်လယ်ကွေ့နိုင်ငံများအား  တိုက်ခိုက်နေကာ ပဋိပက္ခပိုမို ကျယ်ပြန့်လာချိန်တွင် နေတန်ယာဟု၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကလည်း အီရန်စစ်ပွဲသည် သီတင်းပတ် လေးပတ်မှ ငါးပတ် အထိသာ ကြာမြင့်လိမ့်မည်ဟု အစောပိုင်းတွင် ပြောကြားခဲ့သည်။

အီရန်စစ်ပွဲ လက်နက်ကြီးပေါက်ကွဲမှုကိုတွေ့ရစဉ်

နေတန်ယာဟုကလည်း အီရန်ပဋိပက္ခသည် ဒေသတွင်း ယခင်ဖြစ်ပွားခဲ့ဖူးသည့် စစ်ပွဲများကဲ့သို့ပင် နှစ်ပေါင်း များစွာ ကြာမြင့်နိုင်ခြေ ရှိသည်ဆိုသည့် အယူအဆကို ငြင်းပယ်ခဲ့သည်။

“ဒီစစ်ပွဲဟာ လျင်မြန်ပြီး တိကျပါလိမ့်မယ်။ အချိန်နည်းနည်းတော့ ကြာနိုင်ပေမယ့် နှစ်နဲ့ချီပြီး ကြာမှာ မဟုတ်ပါ ဘူး။ ဒါက မပြီးဆုံးနိုင်တဲ့ စစ်ပွဲ မဟုတ်ပါဘူး”ဟု နေတန်ယာဟုက မတ်လ ၂ ရက်တွင် Fox News သတင်းဌာနသို့ ပြောကြားခဲ့သည်။

အီရန်စစ်ပွဲသည် မတ်လ ၃ ရက်တွင် စတုတ္ထမြောက်နေ့ထဲကို ရောက်ရှိလာခဲ့ပြီး အီရန်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်များအား အစ္စရေးလေကြောင်း ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချလျက်ရှိသည်။

တစ်ဖက်တွင်လည်း အစ္စရေးသည် အီရန်၏ တီဟီရန်မြို့တော်ရှိ နိုင်ငံပိုင် ရုပ်သံလွှင့် ဌာနရုံးချုပ်ကို တိုက်ခိုက်ခဲ့ ကာ လက်ဘနွန်နိုင်ငံ တစ်ဝန်းရှိ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်များကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်

မတ်လ ၃ ရက် အစောပိုင်းတွင် အီရန်မှ လွှတ်တင်ခဲ့သည်ဟု ယူဆရသည့် ဒရုန်းနှစ်စင်းသည် ဆော်ဒီ၏ ရီးယာ့ဒ် (Riyadh) မြို့တော်ရှိ အမေရိကန်သံရုံးကို ထိမှန်ခဲ့ခြင်းကြောင့် မီးလောင်မှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုအချို့ ရှိခဲ့ ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အခြား ဒရုန်း ၈ စင်းကိုလည်း မြို့ထဲမရောက်မီ ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကမူ ၎င်းတို့၏ စစ်ဆင်ရေးအတွင်း ၁၄ ကြိမ်မြောက် ဒုံးကျည် တိုက်ခိုက်မှုများအဖြစ် ဘာရိန်းနိုင်ငံရှိ အမေရိကန်လေတပ်စခန်းဌာနချုပ်နှင့် ကွပ်ကဲရေး အဆောက်အအုံကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း မတ်လ ၃ ရက်က ပြောကြားခဲ့သည်။

Source: ရိုက်တာ