အီရန်နှင့်မပူးပေါင်းရန် ဟစ်ဇ်ဘိုလာအဖွဲ့ကို အစ္စရေးက သတိပေး
CNI International News
ဂျေရုဆလင်၊ ဇွန်လ ၂၁
လက်ဘနွန်နိုင်ငံ၏ ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် အီရန်နှင့်ပူးပေါင်းပြီး အစ္စရေးကို မတိုက်ခိုက်ရန် အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ် (Israel Katz) က သတိပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေးကို ခြိမ်းခြောက်နေသည့် ဟစ်ဇ်ဘိုလာအဖွဲ့အပေါ် စိတ်ရှည်သည်းခံမှုသည် ကုန်ဆုံးလာပြီဖြစ်ကြောင်း ဇွန်လ ၂၀ ရက်တွင် ၎င်းက ပြောကြားခဲ့သည်။
ပုံစာ- အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကက်ဇ်ကို တွေ့ရစဉ်
အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့ အကြီးအကဲ နာအင် ကက်ဆင် (Naim Qassem) က ၎င်းတို့အဖွဲ့သည် အစ္စရေးနှင့် အမေရိကန်တို့၏ ရန်လိုမှုကို ရင်ဆိုင်နေရသည့် အီရန်နိုင်ငံဘက်မှ ရပ်တည်သွားမည်ဟု ဇွန်လ ၁၉ ရက်က ပြောကြားခဲ့ပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီး၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဟစ်ဇ်ဘိုလာအဖွဲ့၏ အခြားထုတ်ပြန်ချက်များတွင် အီရန်နှင့်ပူးပေါင်းပြီး အစ္စရေးကို တိုက်ခိုက်မည့် အကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိဘဲ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဟစ်ဇ်ဘိုလာ အရာရှိတစ်ဦးက ၎င်းတို့ အဖွဲ့သည် အစ္စရေးကို စတင်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
Source: ရိုက်တာ