CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဇွန်လ ၂၂ ရက်က အီရန်၏ နျူကလီးယား စက်ရုံများ ကို တိုက်ခိုက်ခဲ့မှုနှင့်အတူ အကြီးမားဆုံးနှင့် အရဲစွန့်လုပ်ဆောင်ခြင်းက နိုင်ငံခြားရေးမူဝါဒ အလောင်းအစား တစ်ခု ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်အနေဖြင့် နျူကလီးယား သဘောတူညီမှု ရယူရန် သို့မဟုတ် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ထရမ့်က ဇွန်လ ၂၁ ရက်တွင် ပြောကြားခဲ့ပြီးနောက် အီရန်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အီရန်သည် ကမ္ဘာပေါ်တွင် ရေနံနှင့်ပတ်သက်ပြီး အသက်သွေးကြောတစ်ခု ဖြစ်နေသည့် ဟော်မုဇ်ရေ လက်ကြား (Strait of Hormuz) ကို ပိတ်ပြီး အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်ကာ လက်တုံ့ပြန်ဖွယ်ရှိနေသည်။
တစ်ချိန်တည်းမှာပင် အီရန်နှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့များသည် အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကို အရှိန်မြှင့်တင်နေပြီး ကမ္ဘာတစ်ဝန်းရှိ အစ္စရေးနှင့် အမေရိကန်၏ အကျိုးစီးပွားများအား တိုက်ခိုက်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အီရန်ကို တိုက်ခိုက်မှု သမ္မတထရမ့် ကြေညာနေစဉ်
ထိုအခြေအနေများတွင် စစ်ပွဲသည် ထရမ့် ခန့်မှန်းခဲ့သည်ထက် ပိုမိုကျယ်ပြန့်လာနိုင်ပြီး အီရတ်နှင့် အာဖဂန် နစ္စတန်တွင် အမေရိကန်၏ ရှည်ကြာသော စစ်ပွဲများကဲ့သို့ ဖြစ်လာနိုင်သည်။
ထရမ့်က အီရတ်နှင့် အာဖဂန်စစ်ပွဲများကို မိုက်မဲသည့် ဆုံးဖြတ်ချက်များဟု ပြောဆိုခဲ့ဖူးသလို ထိုစစ်ပွဲများကဲ့သို့ နောက်တစ်ကြိမ် မည်သည့်အခါမျှ ဖြစ်စေရမည် မဟုတ်ကြောင်း ကတိပြုခဲ့သည်။
“အီရန်က အားနည်းနေပြီး စစ်ရေးစွမ်းဆောင်ရည်တွေလည်း ကျဆင်းနေပါတယ်။ ဒါပေမယ့် သူတို့ဟာ အင်အား မျှတဲ့ စစ်ပွဲကို တိုက်ခိုက်နိုင်တဲ့ နည်းလမ်းတွေရှိနေပြီး အဲဒီစစ်ပွဲဟာလည်း ခနလေးနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး”ဟု အရှေ့အလယ်ပိုင်းဒေသတွင် စေ့စပ်ညှိနှိုင်းသူအဖြစ် တာဝန်ယူခဲ့ဖူးသည့် အမေရိကန်အရာရှိဟောင်း အာရွန် ဒေးဗစ် မီလာ (Aaron David Miller) က ပြောကြားခဲ့သည်။
ထရမ့်သည် အီရန်ကို မတိုက်ခိုက်မီ ဇွန်လ ၂၁ ရက် ညပိုင်းက အီရန်ကို စစ်ရေးအရ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ သလို နျူကလီးယားစီမံကိန်းကို ဖျက်သိမ်းရန် သဘောတူညီချက်ရယူဖို့ အီရန်ကို စည်းရုံးပြောဆိုခဲ့သည်။
အီရန်ဘက်က နျူကလီးယား သဘောတူညီချက် ရယူရန် စိတ်မဝင်စားကြောင်း ထရမ့်က ယူဆခဲ့ချိန်တွင် အီရန်ကို တိုက်ခိုက်ခြင်းသည် မှန်ကန်သည့် လုပ်ရပ်အား ဆုံးဖြတ်ခဲ့ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Source: ရိုက်တာ