CNI International News

မော်စကို၊ ဇူလိုင် ၅

ရုရှားနိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံ၏ သံအမတ်အသစ်၏ အထောက်အထားများကို ဇူလိုင် ၃ ရက်တွင် လက်ခံ ခဲ့သည့်အတွက် ရုရှားသည် အာဖဂန်နစ္စတန်၏ တာလီဘန်အစိုးရအား အသိအမှတ်ပြုသည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ရုရှားအစိုးရအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး အလားအလာ ကောင်းများကို မြင်တွေ့နေရကြောင်း၊ လုံခြုံရေး၊ အကြမ်းဖက် တိုက်ဖျက်မှုနှင့် မူးယစ်ရာဇဝတ်မှုများကို နှိမ်နင်းမှုတွင် အာဖဂန်အစိုးရကို ကူညီထောက်ပံ့မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် ကုန်သွယ်ရေး၊ စီးပွားရေး အခွင့်အလမ်းများ အထူးသဖြင့် စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် အခြေခံ အဆောက်အအုံများတွင် သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုများ ရှိလာလိမ့်မည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

“ရုရှားအနေနဲ့ အာဖဂန်နစ္စတန်ရဲ့ အစိုးရကို တရားဝင် အသိအမှတ်ပြုမှုဟာ နယ်ပယ်အသီးသီးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ထွန်းလာစေဖို့ တွန်းအားတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တာလီဘန်အဖွဲ့ရဲ့ အလံကို တွေ့ရစဉ်

အာဖဂန်နိုင်ငံခြားရေးဝန်ကြီး အမီရာခန်းမက်တာကီ (Amir Khan Muttaqi) ကလည်း “ ရုရှားနိုင်ငံရဲ့ ဒီရဲရင့်တဲ့ ဆုံးဖြတ်ချက်အပေါ် တန်ဖိုးထားပြီး အခြားနိုင်ငံတွေအတွက် စံနမူနာတစ်ခု ဖြစ်လာပါလိမ့် မယ်”ဟု ထုတ်ပြန် ထားသည်။

တာလီဘန်အစိုးရက အခြားနိုင်ငံများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို လိုလားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အမျိုးသမီးများအား ပညာသင်ကြားခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် တားမြစ်ထားမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် တာလီဘန်ကြားဖြတ်အစိုးရကို ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံကမှ တရားဝင် အစိုးရ အဖြစ် အသိအမှတ် မပြုထားပေ။

ရုရှားက ၂၀၀၃ ခုနှစ်နောက်ပိုင်း တာလီဘန်အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သော်လည်း ယခုနှစ် ဧပြီလတွင် ရုရှားတရားရုံးချုပ်က ၎င်းအဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ခဲ့သည်။
တာလီဘန်အစိုးရ တက်လာပြီးနောက်ပိုင်း ကဘူးမြို့တော်တွင် စီးပွားရေး ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခဲ့သည့် ပထမဆုံးနိုင်ငံမှာလည်း ရုရှားပင်ဖြစ်သည်။

Source: ရိုက်တာ