CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅

 မကြာခင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲကို ပူးပေါင်းရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် လက်နက်ကိုင်အဖွဲ့အစည်းများကို နစက,က ဖိတ်ခေါ်ကမ်းလှမ်းကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးတို့သည် ကျင်းပ ရန်ရှိသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှ ထွက်ပေါ်လာမည့် လွှတ်တော်၊ အစိုးရတို့နှင့် ဆက် လက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားကြရမည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် PDF များအပါအဝင် လက်နက်ကိုင် အုပ်စုများ အနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင် ရပ်တည်ပြီး နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရ နှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

CRPH နှင့် NUG တို့၏ လုပ်ဆောင်မှုများသည် မိမိတို့၏ မျှော်မှန်းချက်များနှင့် ဆန့်ကျင်နေပါက မှန်ကန်သည့် လမ်းကြောင်းကို ပြောင်း၍ လျှောက်လှမ်းရမည်သာဖြစ်သည်ဟု နစက,က ပြောသည်။

နစက,က “လက်နက်ကိုင် လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေမည်ဆိုပါက နိုင်ငံတော်အတွက် အကျိုးရှိမည် မဟုတ်ဘဲ ဒီမိုကရေစီနောက်ပြန် သွားနေသကဲ့သို့သာ ဖြစ်နေမည်ဖြစ်သည်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ အပိုင်းလိုက်ခွဲ၍ ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော် အာဏာလွှဲပြောင်းပေးမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

သို့သော် CRPH၊ NUG၊ PDF၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)တချို့ကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု ထုတ်ပြန် ကြေညာထားသည်။

လက်ရှိတွင် နစက ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ စုစုပေါင်း ၅၄ ပါတီ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံမှ သိရသည်။