CNI International News

ဘန်ကောက်၊ ဇူလိုင် ၅

ထိုင်းနိုင်ငံ၏ ပြည်သူ့ပါတီက ရွေးကောက်ပွဲများမတိုင်မီ ယာယီဝန်ကြီးချုပ်ကို ထောက်ခံရန်အတွက် အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံထားရသည့် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ၏ အစိုးရအဖွဲ့ သစ်သည် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် တာဝန်များကို စတင်ထမ်းဆောင်နေပြီ ဖြစ်သည်။

ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ပေတုန်တန်သည် အစိုးရအဖွဲ့ အစည်းအဝေးကို တက်ရောက်ခဲ့သော်လည်း ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံထားရသဖြင့် အစည်းအဝေးစားပွဲ၏ အကြီးအကဲဖြစ်သော ထိပ်ဆုံးနေရာတွင် ထိုင်ခဲ့ခြင်း မရှိပေ။

ဖြူးထိုင်းပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့သည် အုပ်ချုပ်ရေးယန္တရားကို ဆက်လက် လည်ပတ်နေသည့်တိုင် ကာကွယ်ရေးဝန်ကြီးဟောင်း ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည်။

ပြည်သူ့ပါတီနှင့် မဟာမိတ် ပါတီများကို တွေ့ရစဉ်

ဇူလိုင် ၂ ရက်က ပြည်သူ့ပါတီသည် အစည်းအဝေး ပြုလုပ်ခဲ့ပြီး လက်ရှိနိုင်ငံရေး အခြေအနေကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ပြည်သူ့ပါတီသည် ရွေးကောက်ပွဲ ပြုလုပ်ရေးအတွက် ပြင်ဆင်နေကြောင်း၊ ပေတုန်တန်နှင့် လက်ရှိ အစိုးရအဖွဲ့သည် နိုင်ငံရေးအရ တရားဝင်မှု မရှိတော့သဖြင့် လွှတ်တော်ကို ချက်ချင်းဖျက်သိမ်းရန် တောင်းဆိုခဲ့ကြ သည်။ 

ထို့ပြင် လွှတ်တော်ကို ဖျက်သိမ်းခြင်း မရှိပါက ပြည်သူ့ပါတီသည် ဝန်ကြီးချုပ်သစ် မဲပေးရွေးချယ်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်နှင့်အတူ နိုင်ငံရေးပါတီများက ဝန်ကြီးချုပ်သစ် နေရာအတွက် ကိုယ်စားလှယ်လောင်း ၄ ဦးကို ရွေးချယ်ထားသည်။

ထိုကိုယ်စားလှယ်လောင်း ၄ ဦးမှာ ဖြူးထိုင်းပါတီမှ ချိုင်ကာဆမ် နီတိသီရိ (Chaikasem Nitisiri) ၊ ယူနိုက်တက် ထိုင်းနေရှင်ပါတီမှ အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) နှင့် ပီရာပန် ဆလီရာသာ ဗီဟာဂါ (Pirapan Salirathavibhaga) ၊ ဒီမိုကရက်ပါတီမှ ဂျူရင် လက်ဆာနာဝီဆစ် (Jurin Laksanawisit) နှင့် ဘူဂျထိုင်းပါတီမှ အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) တို့ဖြစ်သည်။

Source: The Nation