CNI News

၂၀၂၅ ခုနှစ်၊ မေလ ၂၀

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခကို လက်နက်ဖြင့် မဖြေရှင်းဘဲ ရွေးကောက်ပွဲနှင့်သာ ဖြေရှင်းရန် တိုင်းလိုင်(ရှမ်းနီ )အမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာကာ အုပ်ချုပ်လျက်ရှိသည်။

ထို့နောက်  NLD ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ တက်ကြွလှုပ်ရှားသူများ၊ လက်နက်ကိုင် အင်အားစုများ၊ နိုင်ငံရေးပါတီ တချို့တို့ စုပေါင်း၍ မြန်မာ့တပ်မတော်နှင့်နစက ဖြုတ်ချရေး လက်နက်ကိုင်တော်လှန်လျက်ရှိကာ မြန်မာနိုင်ငံအနှံ့ တိုက်ပွဲများဖြစ်ပွားနေသည်။

လက်နက်နှင့်ဖြေရှင်းခြင်းကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ အတော်ပျက်စီးသွားပြီ ဖြစ် ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲနှင့်ဖြေရှင်းရန် လူထုက အာရုံစိုက်နေသည်ဟု တိုင်းလိုင်(ရှမ်းနီ ) အမျိုးသား များ ဖွံဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီတွေကို တွေ့ရစဉ်

၎င်းက “ အခု နစက အနေနဲ့ကတော့ မဖြစ်မနေ သူလွှဲပါလိမ့်မယ်။ ဘာကြောင့်လို့လဲဆိုတော့ ၂၀၀၈ ကို လက်ကိုင် ထားပြီးမှ စကားပြောနေတဲ့ အခါကြတော့ မဖြစ်မနေ သူက ရွေးကောက်ပွဲပြီးတာနဲ့ လွှဲပါလိမ့်မယ်။ အဲလိုမျိုး ကျနော်တို့ ၁၉၉၀ ခုနှစ်တုန်းက မလွှဲဘူးဆိုတဲ့ ကဏ္ဍကတော့ ဖွဲ့စည်းပုံမရှိဘူးလေ။ ၁၉၇၄ ဖွဲ့စည်းပုံလည်း ၈၈ အရေးခင်းမှာ ပျက်စီးသွားပြီ။ ဒါကြောင့် ဖွဲ့စည်းပုံရေးမလား ဒီအဟောင်းကိုသုံးမလား အဟောင်းကို သုံးမယ်ဆိုရင် ၁၉၄၇ သုံးမလား  ၁၉၇၄ ကို ပြန်သုံးမလား ကျနော်တို့အငြင်းပွားမှုရှိတယ်။ အသစ်ဆွဲမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချလိုက်တဲ့အခါမှာ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာ ဖွဲ့စည်းပုံဆွဲဖို့ဆိုပြီးတော့မှ သူတို့လှည့်ကွက်ထဲ တစ်ခါ ပြန်ဝင်သွားသလို ဖြစ်သွားတာပေါ့။ ၂၀၀၈ အခြေခံဥပဒေ ကိုင်ဆွဲပြီးတော့မှ သူက အာဏထိန်းတယ်လို့ သူက ပြောတယ်။ ဒါတဖက်ကလည်း ထိန်းတာပဲဖြစ်ဖြစ် သိမ်းတာပဲဖြစ်ဖြစ် သိမ်းတာပါပဲ။ ၂၀၀၈ အခြေခံဥပေဒေ အတိုင်း သွားပါမယ်ဆိုတဲ့ ကတိလည်း အတန်တန် သူပေးတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အဓိက အခရာကျတဲ့ တရုတ်ကြီးကလည်း ၂၀၀၈ အခြေခံဥပဒေအတိုင်း လုပ်မယ်ဆိုရင် သူတို့ကူညီမယ်ဆိုတဲ့ စကားတွေက အစကတည်းက ရှိထားတဲ့အခါကြတော့ ဒါ ၂၀၀၈ ဥပဒေအတိုင်းပဲ သူ အာဏာကိုလွှဲပါလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၌ ကျင်းပသွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရသည့်ပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောထားသည်။

နိုင်ငံရေးပါတီတွေကို တွေ့ရစဉ်

လက်ရှိတွင် နစက ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၄ ပါတီရှိကြောင်း၊ ထိုအထဲမှာ ၉ ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၄၅ ပါတီရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။

တခြားတစ်ဖက်မှာတော့ NUG၊ PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တချို့က နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု ထုတ်ပြန်ထားသည်။