CNI International News

ကဘူး၊ စက်တင်ဘာ ၁၁

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရလာခဲ့ပြီးကတည်းက ဘိန်းဖြူမှောင်ခိုကူးမှုကို တိုက်ဖျက်နေသည့် တိုင် မကြာသေးမီက နိုင်ငံတစ်ဝန်း၌ မက်သာဖီတမင်း မှောင်ခိုကူးမှု မြင့်တက်လာခဲ့သည်ဟု ကုလသမဂ္ဂမှ သတင်း ထုတ်ပြန်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်နှင့် ဒေသတွင်း မက်သာဖီတမင်း မှောင်ခိုကူးမှု မြင့်တက်နေသည့်် အခြေအနေသည် တရားမဝင် မူးယစ်ဆေးဝါး ဈေးကွက်၏ သိသာထင်ရှားသော အရွေ့တစ်ခုကို ဖော်ပြရာ ရောက်နေသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး(UNODC)၏ အမှုဆောင် ညွှန်ကြားရေးမှူး ဂါဒါဝါလီက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ သြဂုတ်လက အာဏာရလာခဲ့သည့် တာလီဘန်တို့သည် ကမ္ဘာပေါ်တွင် အဓိက ဘိန်းဖြူထုတ်လုပ် သည့် အာဖဂန်နစ္စတန်အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို တားမြစ်ပိတ်ပင်ကြောင်း ဧပြီလက ကြေညာခဲ့ သည်။

တာလီဘန်များကိုတွေ့ရစဉ်

တာလီဘန်အရာရှိများက ၎င်းတို့ လုံခြုံရေးတပ်ဖွဲ့များသည် အာဖဂန် ဘိန်းစိုက်ပျိုးသူများကို နှိမ်နင်းပြီး ဘိန်းခင်း များအား ဖျက်ဆီးနေကြောင်း ပြောကြားခဲ့သည်။

တာလီဘန်တို့က ဘိန်းဖြူများ မှောင်ခိုကူးမှုကို တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် မက်သာဖီတမင်း မှောင်ခိုကူးမှုများ ပိုမိုမြင့်တက်လာခဲ့သည်ဟု UNODC က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း မက်သာဖီတမင်း ဖမ်းဆီးရမိမှုသည် ငါးနှစ်အတွင်း ၁၂ ဆ အထိ မြင့်တက်လာခဲ့သည်။ 

UNODC ကိုတွေ့ရစဉ်

၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အကြား အာဖဂန်၏ အိမ်နီးချင်း အီရန်နှင့် ပါကစ္စတန်ကဲ့သို့ နိုင်ငံများတွင်လည်း မက်သာဖီတမင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု မြင့်တက်ခဲ့ကြောင်း ကြေညာခဲ့သည်။

သို့သော် အာဖဂန်နစ္စတန်နှင့် ဝေးကွာလွန်းသည့် ပြင်သစ်နှင့် သြစတြေးလျနိုင်ငံတို့တွင် ဖမ်းဆီးရမိခဲ့သည့် မက်သာဖီတမင်းများသည် အာဖဂန်နစ္စတန်၌ ထုတ်လုပ်ခြင်း ဖြစ်နိုင်သည်ဟု UNODC က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်၏ မူးယစ်ဆေးဝါးများထဲမှ ပါဝင်ပစ္စည်းအချို့ကို အအေးမိနှင့် တုတ်ကွေးရောဂါ သက်သာ ပျောက်ကင်းသည့် ဆေးဝါးများထဲတွင် ထည့်သွင်းအသုံးပြုလေ့ ရှိသည်ဟုလည်း UNODC က ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ