CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁

မိမိတို့နိုင်ငံသည် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်သာလျင် အသင့်တော်ဆုံးဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ် အုပ်ချုပ်ရေး ဆောင်ရွက်ရာတွင် ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်တွင် တိုင်းရင်းသားကို အခြေခံ သည့် ဖက်ဒရယ်နှင့် ဒေသကို အခြေခံသည့် ဖက်ဒရယ်ဟူ၍ ရှိပြီး ကမ္ဘာ့နိုင်ငံအများစုတွင် ဒေသကို အခြေခံ သည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်သည်သာလျင် အသင့်တော်ဆုံးဖြစ်သည်”ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က ပြည်သူ့စစ်ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ထို့နောက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏ အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှု အားနည်းကြောင်း၊ လူတစ်စုကို ကိုယ်စားပြု သည့် အဖွဲ့အစည်းများဖြစ်၍ မရဘဲ ဒေသကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်ရန်လိုကြောင်း နစကဥက္ကဋ္ဌ က ပြောသည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည် ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး (၇)ခု၊ ပြည်နယ် (၇)ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (၅)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(၁)ခုတို့ဖြင့် ဖွဲ့စည်းထားသည်။

ထို့ကြောင့် ဒေသနှင့်လူမျိုးကို အခြေခံသည့် ဖက်ဒရယ်စနစ်ပုံစံဖြစ်နေခြင်းကြောင့် ဒေသကို အခြေခံသော ဖက်ဒရယ် စနစ်ကို သွားမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင် ရေးဆွဲရမည့် အခြေအနေ ဖြစ်နေသည်။