CNI News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၄၂၉ မဲဖြင့် မဲအများဆုံးရရှိကာ ရွေးချယ်တင်မြှောက်ခံရသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲအား ယနေ့ မတ်လ ၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။
ဒုသမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်နန်းနီနီအေးနှင့် ဦးညိုစောတို့ ၃ ဦးအနက် သမ္မတ၊ ဒုသမ္မတ (၁) နှင့် ဒုသမ္မတ (၂) တို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သမ္မတရွေးချယ်တင်မြှောက်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၇၀ ဦးရှိပြီး ယနေ့ တက်ရောက်လာသည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးရေမှာ ၅၈၄ ဦးသာရှိသဖြင့်ဆန္ဒမဲ အရေအတွက်စုစုပေါင်း ၅၈၄ မဲရှိသည်။

ဒုသမ္မတ (၁) ဦးညိုစောအား တွေ့ရစဉ်
ထို ၅၈၄ မဲအနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၄၂၉ မဲရရှိခဲ့ပြီး ဦးညိုစောက ၁၂၆ မဲနှင့် ဒေါ်နန်းနီနီအေးက ၂၉ မဲ တို့ရရှိခဲ့ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုသမ္မတလောင်းသုံးဦးအား ကနဦးတင်မြှောက်ရမည်ဖြစ်ပြီး မဲအများဆုံး ရသူက သမ္မတ၊ ဒုတိယမဲအများဆုံးရသူက ဒုသမ္မတ (၁) ဖြစ်လာကာ မဲအနည်းအဆုံးရသူက ဒုသမ္မတ (၂) ဖြစ်လာမည်ဖြစ်သည်။

ဒုသမ္မတ (၂) ဒေါ်နန်းနီနီအေး ကို တွေ့ရစဉ်
ထို့ကြောင့် ဒုတိယမဲအများဆုံးရရှိသည့် ဦးညိုစော က ဒုသမ္မတ (၁) အဖြစ်လည်းကောင်း၊ မဲနည်းအဆုံး ရရှိခဲ့သူ ဒေါ်နန်းနီနီအေး က ၂၉ မဲဖြင့် ဒုသမ္မတ (၂) အဖြစ်လည်းကောင်း ရွေးချယ်ခံခဲ့ရသည်။
