CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၃
မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့်အစိုးရမှ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး ကြိုးစားနေသည့်တိုင် လက်နက်ပဲကိုင်ပြီး ဖြေရှင်းမှရမည်ဆိုသော ယူဆသူများကို ၎င်းတို့နည်းလမ်းအတိုင်း လက်နက်ကိုင်၍ ဖြေရှင်းရ မည်ဟု သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြော သည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က လွတ်လပ်ရေး ရရှိပြီးနောက် သုံးလအကြာမှာပဲ ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့သည်မှာ ယနေ့ထိတိုင် မပြီးဆုံးသေးပေ။ ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်းလျက်ရှိသည်။
ငြိမ်းချမ်းရေးကို တကယ် ယူချင်သည်ဆိုလျှင် မဖြစ်နိုင်သည့် အချက်များ မတောင်းဆိုသင့်သလို ပေးရမည့်သူများ ကလည်း မည်သည့် အချက်များ ပေးနိုင်သည်ကို ချပြသင့်ကြောင်း၊ လက်နက်ပဲကိုင်၍ ဖြေရှင်းမှ ရမည်ဟု ယူဆ သူများကိုလည်း လက်နက်ကိုင် နည်းလမ်းဖြင့်သာ ပြန်လည်ဖြေရှင်းသင့်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ငြိမ်းချမ်းရေးကို လိုလားလို့ ဆွေးနွေးညှိနှိုင်းမယ်ဆိုတဲ့ အဖွဲ့ရယ်၊ ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်းတစ်ခု၊ အဲဒီလို ဆွေးနွေးညှိနှိုင်းမှုကတော့ မဟုတ်ဘူး၊ စစ်ရေးပိုင်းမှ စစ်ရေးနဲ့ ငါတို့ကတော့ စစ်ရေးနဲ့ပဲ ယုံကြည်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုကာကွယ်ဖို့၊ ကိုယ်လိုချင်တာ ရဖို့အတွက် လက်နက်ပဲ ကိုင်မယ့်လူဆိုရင်တော့ အဲ ဒီ လက်နက်ကိုင်တဲ့ လူတွေအတွက် သူတို့နားလည်တဲ့ နည်းလမ်းနဲ့ရှင်းရမယ်။ လိုက်လျောညီထွေ ဖြစ်ခြင်းဆိုတာ အဲဒီ သဘောပဲလေ။ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမယ်ဆို ရှင်းရှင်းလေး နိုင်ငံရေးအရ လိုလားချက်ကို ဘယ်က နေ တောင်းမလဲ၊ အခုသွားနေတဲ့ နိုင်ငံရေးစနစ်နဲ့ ကိုက်ညီတဲ့ ပါတီထောင်ပြီးတော့ လွှတ်တော်ထဲကို ဝင်မှာလား၊ လွှတ်တော်ထဲမှာ ညှိနှိုင်းမှာလား၊ ဆွေးနွေးမှာလား အဲဒီနည်းလမ်းတွေနဲ့ သွားလို့ရတယ်။ တစ်ခုတော့ ရှိတာပေါ့ လေ၊ ကိုယ်လိုချင်တာကို အကုန်လုံးယူပြီးတော့ ဒါရမှ လုပ်မယ်ဆိုတာမျိုးက မရဘူး။ Negotiation (ညှိနှိုင်းခြင်း) အပိုင်း ကောင်းကောင်းလုပ်နိုင်ဖို့ လိုတယ်။ အဲဒါဆိုရင်တော့ အဆင်ပြေသွားမှာပေါ့”ဟု ပြောသည်။

လက်နက်ကိုင် ခေါင်းဆောင်များကို တွေ့ရစဉ်
လာမည့် အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်မည့် သူများအနေဖြင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် မူဝါဒများကို ချမှတ်၍ အကောင်အထည်ဖော်သင့်ကြောင်း သေနင်္ဂမဟာဟာလေ့လာရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဆက်ပြောသည်။
၎င်းက “အဲဒီ အစိုးရသစ်က အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားရမှာ ဖြစ်တဲ့အတွက်ကြောင့် အစိုးရသစ်မှာ ပါဝင် လာမယ့်သူတွေ၊ နောက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်နေကြတဲ့သူတွေ၊ သူတို့ရဲ့စုပေါင်း၊ ဆွေးနွေး၊ ညှိနှိုင်း ဆုံးဖြတ်မှု အပေါ်မှာ အဓိက အခြေခံပါလိမ့်မယ်။ အဖြေဆိုတာကတော့ ပုံစံမျိုးစုံ ထွက်နိုင်တာကို။ ဘယ်ဟာ အကောင်းဆုံးလဲတော့ ကျနော်တို့ ပြောဖို့ရာ ခက်တယ်။ တစ်ခါတစ်ရံမှာ တချို့သော မူဝါဒတွေက ချမှတ်လိုက်တာက ကောင်းတယ်လို့ ထင်ရတယ်။ လက်တွေ့လုပ်တဲ့အခါ အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲ ရှိတဲ့ဟာမျိုး ရှိတယ်။ အဲတော့ အဓိက,က မည်သည့် မူဝါဒမျိုးကို ချမှတ် အကောင်အထည် ဖော်သည် ဖြစ်စေ၊ တိုင်းပြည် မြေပြင်နဲ့ကိုက်ညီပြီးတော့ အလုပ်ဖြစ်အောင် လုပ်နိုင်တဲ့ မူဝါဒမျိုးကတော့ ပိုကောင်းတာပေါ့။ အဲဒီ အပိုင်းတွေမှာတော့ အခုတက်လာမယ့် အစိုးရသစ်ရော၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ အဖွဲ့တွေရော၊ ဒီအဖွဲ့တွေကြားထဲမှာ အဲဒီအပိုင်းကို လုပ်နိုင်မယ်ဆိုရင်တော့ အဆင်ပြေသွားမယ်။ တစ်ခါတစ်ရံကြတော့ ပိုပြီး တော့ ကျယ်ပြန့်တဲ့ အနေအထားတွေ၊ တူးဖော်မှုတွေ၊ သုံးသပ်ချက်တွေက မျိုးစုံထွက်နိုင်တာကို၊ လက်တွေ့ မြေပြင် အခြေအနေအထားမှာ ဘယ်လို အကောင်းဆုံး လုပ်နိုင်မလဲဆိုတဲ့ ပုံစံမျိုးနဲ့သွားတာ အဆင်ပြေပါလိမ့် မယ်”ဟု ပြောသည်။
နေပြည်တော် အနေဖြင့် လက်နက်မရှိသည့် သူများကို သိပ်ပြီး အရေးမထားကြောင်း၊ တကယ့် ပြည်သူလူထုက နိုင်ငံတော်ကို မည်သည့်နည်းဖြင့် အုပ်ချုပ်ပါစေ ကိစ္စမရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

NCA အခမ်းအနား တက်ရောက်သူများကို တွေ့ရစဉ်
၎င်းက “ကျနော်တို့ ဒီ နေပြည်တော်နဲ့ ရင်ဆိုင်ပြီးတော့မှ တချို့ကလည်း ဒီတိုက်ခိုက်တာ မဟုတ်ဘူးလေ၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ကြိုးပမ်းနေတယ်။ အခုလောလောဆယ် နောက်ဆုံး မနေ့ တစ်နေ့က ပေါ်လာတဲ့ SCEF (ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ) ဆိုလို့ရှိရင်လည်း သူတို့ကတော့ တစ်ဖက် ကလည်း လက်နက်ကိုင်ပြီးတော့မှ သူတို့က။ နေပြည်တော် အနေနဲ့ လက်နက်မရှိတဲ့ လူတွေကို သိပ်ပြီးတော့ အရေးမထားဘူး။ ဒီတော့ သူတို့ လက်နက်မကိုင်လို့ကို မရဘူး။ နောက်တစ်ခုက အခုဒီ PCB ( နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ )လိုမျိုး ကျနော်တို့တော့ ဒီလက်နက်ကိုင် လမ်းစဥ်နဲ့ မသွားဘူး၊ အားလုံးလိုလားတဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ငြိမ်းချမ်းစွာ အတူယဥ်တွဲ နေထိုင်ရေး၊ ဖက်ဒရယ်ဖြစ်ပေါ်လာရေး၊ ငြိမ်းချမ်းရေး အတွက် လုပ်သွားမယ် သူတို့ အဲဒီလိုမျိုး လုပ်တာ။ ဒါပေမယ့် ဒီတစ်ဖက်ကလည်း ပြောနေကြတယ် ဒီလို ငြိမ်းချမ်းတဲ့ နည်းနဲ့ မတိုက်နိုင်ဘူးလား၊ ငြိမ်းချမ်းရေးနည်းကို သုံးလေလေ အထင်သေးလေ၊ ဖိနှိပ်လေ ဆိုလို့ရှိရင်တော့ ဒီဟာ လုံးဝ၊ ကိုယ့်ဘက်မှာလည်း ကိုယ့်ကိုယ်ကို ကာကွယ်ဆိုပြီးမှ ဒီလို တိုက်နေကြတာကို။ ကျနော်တို့ လိုလားတဲ့ ပန်းတိုင်ဖြစ်တဲ့ ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး သီးခြားစီ လုပ်ရင် တော့ ဘယ်တော့မှ မအောင်ပါဘူး။ နှစ်ဖက်စလုံးက ခေါင်းဆောင်တွေက အဖွဲ့အစည်းတွေ၊ ကိုယ့်ဘက်က ခေါင်းဆောင်တွေ၊ လူထုတွေကို ကျနော်တို့က ကြိုးစားပြီးတော့မှ ပြောရမှာဖြစ်တယ်။ ဒါပေမယ့် တကယ့်လူထုကို ကျနော်တို့ သေသေချာချာ မေးကြည့်ပါ ကျနော်တို့ ပြည်သူလူထုက ငါတို့နိုင်ငံကို ဘာနည်းနဲ့ပဲ အုပ်ချုပ်,အုပ်ချုပ် ကိစ္စမရှိဘူး ဒါပေမယ့် မတိုက်ကြပါနဲ့ ဘာပြဿနာပဲရှိရှိ ဆွေးနွေး”ဟု ပြောသည်။
နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့(PCB)ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမြအေး အပါအဝင် ဒီမိုကရေစီနှင့်ဖက်ဒရယ်အရေး တက်ကြွလှုပ်ရှားသူများ ပါဝင်၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က စု ဖွဲ့ခဲ့ကြသည်။
အဆိုပါ အင်အားစုသည် လက်နက်ကိုင် နည်းလမ်းဖြင့်မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးရန် ချဉ်းကပ်လျက်ရှိသည်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် KIA၊ KNPP၊ KNU၊ CNF စသည့် လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သည်။
ထိုအင်အားစုသည် လက်နက်ကိုင် နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ချဉ်းကပ်လျက်ရှိသည်။
အလားတူ မြန်မာနိုင်ငံမှာ တခြားသော လက်နက်ကိုင် အင်အားစုများစွာလည်း ကျန်ရှိနေသေးသည်။
