CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ဖက်ဒရယ်လိုချင်ပါက လွှတ်တော်ထဲသို့ တရားဝင်နည်းလမ်းဖြင့် ဝင်လာရန်လိုအပ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် လက်နက်ကိုင်လမ်းစဉ် တစ်ခုတည်းဖြင့်သာ ကြိုးစားမည်ဆိုပါက ဖက်ဒရယ်ဆိုသည့် ခေါင်းစဉ်အောက်သို့ ရောက်မှာမဟုတ်ကြောင်း ၎င်းက ပြောသည်။
ဦးသိန်းထွန်းဦးက “ဖက်ဒရယ်ပေးမယ်ဆိုရင် အခြေခံဥပဒေအရ ဘယ်လိုရေးဆွဲမလဲ။ အခြေခံဥပဒေမှာ ကျနော်တို့ ပြင်သင့်တာတွေ၊ ဖြည့်စွက်သင့်တာတွေ၊ ပြုပြင်မယ် ပြောင်းလဲမယ်။ ဆိုလိုတာက ဖက်ဒရယ် လိုချင်တယ် ဆိုပြီး တော့ ကိုယ့်နယ်မြေဒေသ၊ ကိုယ့်လက်နက်ကိုင်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့အခါ ကျနော်တို့က ဒီနယ်မြေယူပြီးသား အဲဒီတော့ ဒါကိုပေးလိုက်တော့ဆိုတဲ့ဟာမျိုး အဲဒီနည်းလမ်းက သုံးလို့မရဘူးပေါ့။ ဒါအရှင်းဆုံး နားလည်အောင်ပြောတဲ့ စကားပါ။ အဲဒီတော့ အခြေခံဥပဒေရဲ့ ပြင်ဆင်မှုအရ သွားမယ်ဆိုရင် ဒါသည် တရားဝင် လည်းဖြစ်တယ်။ အားလုံးလည်း လက်ခံနိုင်တဲ့ အနေအထား။ အဲဒီလိုဖြစ်ဖို့အတွက်က လက်နက်ကိုင်အဖွဲ့အစည်း တွေဘက်က ဒါနဲ့ပတ်သက်ပြီး ဆန္ဒရှိဖို့ ခေါင်းဆောင်တွေက လွှတ်တော်ထဲကို တရားဝင် နည်းလမ်းနဲ့ ဝင်လာဖို့ လိုအပ်တယ်။ အဓိကအချက်ကတော့ အဲဒါပါပဲ။ အဲဒီလို တရားဝင် နည်းလမ်းမဟုတ်ဘဲနဲ့ အပြင်ကနေ လက်နက် ကိုင် လမ်းစဉ်တစ်ခုတည်းနဲ့ ကြိုးစားတာမျိုးတော့ ဖက်ဒရယ်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ရောက်သွားမှာ မဟုတ်ပါ ဘူး” ဟု ပြောသည်။
လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ပါတီအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ကာ လွှတ်တော် ထဲသို့ နိုင်ငံရေးလမ်းကြောင်းဖြင့် ဝင်ရောက်ခဲ့ကြသည်များ ရှိခဲ့ဖူးသည်။
သို့သော် အဆိုတင်သွင်းသည့် အခါမျိုးတွင် မဲခွဲဆုံးဖြတ်မှုများကနေ ကန့်ကွက်မဲ အများစုဖြင့် ပယ်ချခဲ့ရခြင်းတို့မှာ လည်း အကြိမ်ကြိမ်ရှိခဲ့ကြောင်း နိုင်ငံရေးနှင့်စစ်ရေးလေ့လာသူများက ထောက်ပြကြသည်။
ယခုကဲ့သို့ အပေါ်စီးမှာနေ၍ ပြောဆိုနေမှု၊ ခေါ်ဆိုနေမှုများသည် ပဋိပက္ခပိုများရုံသာရှိပြီး တိုင်းရင်းသားများ လိုချင်သည့် အခွင့်အရေးများကို မပေးမချင်း လက်နက်ကိုင်တိုက်ပွဲများမှာ ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ နိုင်မွန်ဆိုင်းက CNI သတင်းဌာနသို့ ပြောသည်၊
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အားလုံးကတော့ သိပါတယ်၊ ဒါကတော့ နစက ခေါင်းဆောင်ကနေ အားလုံးကို ၂၀၀၈ အောက်ကို သွတ် သွင်းမယ်၊ သူတို့အပေါ်ကနေ အုပ်စိုးမယ်၊ ထိန်းမယ်ပေါ့နော်၊ ဒါသူတို့ရဲ့ အကြံစည်ဖြစ်တာပေါ့။ သူတို့က ဖက်ဒရယ်ကို တရားဥပဒေဆိုတာ ဘယ်တရားဥပဒေကို ပြောတာလဲပေါ့။ ၂၀၀၈ တရားဥပဒေပဲ ဖြစ်မယ်။ တခြား ဥပဒေမရှိဘူး။ ၂၀၀၈ အောက်မှာပဲဆိုရင်တော့ ဘယ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ရွေးကောက်ပွဲ ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် ဝင်သွားဖို့က ရှိလိမ့်မယ်မဟုတ်ဘူး။ အပေါ်စီးကနေ ပြောဆိုတာ ခေါ်ဆိုတာက ကျနော်တို့နိုင်ငံအတွက် ကောင်းတာမဟုတ်ဘူး။ ဒီထက်ပဋိပက္ခတွေ ပိုများရုံပဲရှိပါတယ်။ နောက်ပြီး တစ်ခုမေးချင် တာက SAC ခေါင်းဆောင်အနေနဲ့ ဖက်ဒရယ်ကို ဘယ်လိုနားလည်လဲ၊ ဘယ်လောက် နားလည်လဲပေါ့။ ဖက်ဒရယ် ဆိုတာက တိုင်းရင်းသားတွေမှာ နဂိုမူလကတည်းက ရှိနေတဲ့ အခွင့်အရေးတွေကို ပေးကိုပေးရမယ်ပေါ့” ဟု ပြော သည်။
နစကဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်က နေပြည်တော်တွင် ကျင်းပသည့် "၂၀၂၅ အလွန် ဗဟုဝင်ရိုး ကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ"သုံးသပ် ဆွေးနွေးပွဲ၌ ဖက်ဒရယ် အခွင့်အရေးပေးရန် အဆင်သင့်ရှိကြောင်း၊ သို့သော် ဖြစ်သင့်ဖြစ်ထိုက်သည်ကို ဥပဒေအရ အများဆုံးဖြတ်ချက်ဖြင့် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။