CNI International News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၅

ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဒူတာတေးသည် တရုတ်နိုင်ငံသို့ ခိုလှုံခွင့်တောင်းခံသည်ဟု သတင်းများထွက်ပေါ် နေသော်လည်း မည်သည့် အခါကမျှ ဒူတာတေး၏ ခိုလှုံခွင့်တောင်းခံမှုကို လက်ခံရရှိထားခြင်းမရှိဘူးဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှီသူ ကောကျားခွန်းက ပြောသည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်က ပုံမှန်သတင်းစာ ရှင်းလွင်းပွဲမှာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ‌ဟောင်း ဒူတာတေးသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC)၏ ဖမ်းဆီးခြင်း မခံရမီက တရုတ်နိုင်ငံသို့ ခိုလှုံခွင့် လျှောက်ထားခဲ့ကြောင်း နိုင်ငံတကာသတင်းများမှာ ဖော်ပြခဲ့ကြသည်။

ကောကျားခွန်းက မစ္စတာ ဒူတာတေး တရုတ်နိုင်ငံ၊ ဟောင်ကောင်ဒေသသို့ သွားရောက်သည့် ကိစ္စနှင့်ပတ်လျဉ်း ၍ ဟောင်ကောင်ဒေသအခြေစိုက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကော်မရှင်နာရုံးက ပြန်လည်ဖြေကြားခဲ့ပြီးဖြစ် ကြောင်း၊ ဖိလစ်ပိုင်ဘက်က သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်း သဘောထား ဖော်ပြခဲ့ပြီးဖြစ်ကြောင်း ပြောသည်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို တွေ့ရစဉ်

၎င်းက “ မစ္စတာ ဒူတာတေး ဟောင်ကောင်ဒေသကို သွားရောက်တာဟာ ပုဂ္ဂိုလ်ရေး အပန်းဖြေ ခရီးစဉ်ဖြစ် တယ်လို့ ကျနော် အထူးထောက်ပြလိုပါတယ်။ တရုတ်နိုင်ငံအနေဖြင့် သမ္မတဟောင်း ဒူတာတေးနဲ့ ၎င်းရဲ့ မိသားစု ဝင်တွေက တရုတ်နိုင်ငံအစိုးရထံ ခိုလှုံခွင့်လျှောက်ထားမှုကို ဘယ်သောအခါကမျှ လက်ခံရရှိထားခြင်း မရှိပါဘူး”၊ “လုပ်ကြံဖန်တီးထားတဲ့ သို့မဟုတ် တမင်ရည်ရွယ်ချက်ရှိသူများက ပြောကြားတဲ့ ‘သတင်းအရင်းအမြစ် ပြောကြား ချက်’ တွေကို မီဒီယာမိတ်ဆွေများအနေဖြင့် သေချာစိစစ်ဖို့၊ အလွယ်တကူ မယုံကြည်ကြဖို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး မူးယစ် ဆေးဝါး နှိမ်နင်းရေးကို တင်းကြပ်စွာ ကိုင်တွယ်ခဲ့သည်။ 

အဆိုပါ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲတွင် လူပေါင်း ထောင်ချီသေဆုံးခဲ့ခြင်းကြောင့် ICC က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။