CNI International News
မနီလာ၊ စက်တင်ဘာ ၂၄
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ကို လူသတ်မှုစွဲချက် ၃ ခုဖြင့် စွဲချက်တင်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ဒူတာတေးသည် ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေး အတွင်း သံသယရှိသူများကို သတ်ဖြတ်မှုကြောင့် စွဲချက်တင် ခံခဲ့ရခြင်းဖြစ်သည်။
ထိုစွဲချက်များအနက် ဒါဗောင်း (Davao) မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က လူသတ်မှုစွဲချက် တစ်ခု လည်း ပါဝင်ခဲ့သည်။
အသက် ၈၀ အရွယ်ရှိ ဒူတာတေးသည် မူးယစ်တိုက်ဖျက်ရေး စစ်ပွဲအတွင်း ဒါဇင်နှင့်ချီသည့် လူသတ်မှုများအတွက် တာဝန်ရှိကြောင်း စွပ်စွဲခံခဲ့ရသည်။
ICC ၏ စွဲချက် စာရွက်စာတမ်းများတွင် ဇူလိုင်လအတွင်းက ရက်စွဲများကို တပ်ထားခဲ့သော်လည်း စက်တင်ဘာ ၂၃ ရက်၌ လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကိုတွေ့ရစဉ်
ဒူတာတေးသည် သတ်ဖြတ်မှုများနှင့် သွယ်ဝိုက်ပြီး ပတ်သက်သူဖြစ်ကြောင်း ICC ၏ လက်ထောက်ရှေ့နေ မင်းမ် မန်ဒီယန် နီအန် (Mame Mandiaye Niang) က ပြောကြားခဲ့ပြီး ထိုသတ်ဖြတ်မှုများကို ရဲတပ်ဖွဲ့ အပါအဝင် အခြား သူများက လုပ်ဆောင်ခြင်းဖြစ်သည်ဟု တရားရုံး၏ စွဲချက်များတွင် ဖော်ပြထားသည်။
လူသတ်မှုစွဲချက် ၃ ခုအနက် ပထမစွဲချက်သည် ဒူတာတေး ဒါဗောင်းမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကြားကာလတွင် လူ ၁၉ ဦး သေဆုံးခဲ့သည့် အမှုများနှင့် ပတ်သက်ကြောင်း စွပ်စွဲခံထား ရသည်။
ကျန်စွဲချက် ၂ ခုမှာ ဒူတာတေး သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်ကြား ကာလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲနှင့် ပတ်သက်သည့် စွဲချက်များဖြစ်သည်။
ဒူတာတေးသည် ၎င်း၏ ကြမ်းကြုတ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲနှင့်ပတ်သက်ပြီး တောင်းပန်ခဲ့ခြင်း မရှိပေ။
ထိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲအတွင်း လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ကြောင်း တရားဝင် မှတ်တမ်း များတွင် ဖော်ပြထားသော်လည်း အမှန်တကယ် သေဆုံးသူ အရေအတွက်သည် သောင်းနှင့်ချီ ရှိနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။
Source: Nikkei Asia