CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄

ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်မည့် ပါတီများ ကိုယ်စားလှယ် ၄၁၇ ဦး အနည်းဆုံး ပြိုင်ရမည့်အစား လေးပုံတစ်ပုံပဲ ဝင်ပြိုင်ပါက လက်ခံသောအချက်ကို အစားထိုး ပြင်ဆင်ပေးလိုက်ခြင်းက နိုင်ငံ ရေးပါတီများ အကျပ်အတည်း တွေ့မည်စိုး၍ ဖြစ်နိုင်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညို သင်းက CNI သတင်းဌာနသို့ ပြောသည်။

ပြင်ဆင်လိုက်သည့် အချက်ကြောင့် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီသည် မြို့နယ် ၃၃၀ အနက် မဲဆန္ဒနယ် ၈၃၃ နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ထက်ဝက်ဖြစ်သည့် ၄၁၇ ဦးကို တင်သွင်း စရာ မလိုတော့ဘဲ လေးပုံတစ်ပုံ တင်သွင်းနိုင်လျှင်ပင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သလို ပါတီ ဖျက်သိမ်းခံရမည့် အခြေအနေကနေလည်း လွှတ်မြောက်မည်ဖြစ်သည်။ 

ယခင်က မဲဆန္ဒနယ် အားလုံး ၈၃၃ နယ်အတွက် ကိုယ်စားလှယ်လောင်း ၄၁၇ ဦး မတင်သွင်းနိုင်လျှင် သို့မဟုတ် မဲဆန္ဒနယ် ၄၁၇ နယ် ဝင်ရောက် မယှဉ်ပြိုင်နိုင်လျှင် ပါတီဖျက်သိမ်းခံရမည်ဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ 

လက်ရှိတွင် ရွေးကောက်ပွဲကို ဝင်ပြိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြု ထားသည့် တည်ဆဲနိုင်ငံရေးပါတီများမှာ ပြည်ထောင်စုတစ်ဝန်လုံးစည်းရုံးမည့် ပါတီ ၆ ပါတီ နှင့် တိုင်း/ပြည်နယ် တစ်ခုမှာသာ စည်းရုံးမည့်ပါတီ ၅၁ ပါတီ ရှိသည်ဟု သိရသည်။

ပြည်ထောင်စုအဆင့် ပါတီတွေကိုတွေ့ရစဉ်

ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီများ အကျပ်အတည်း တွေ့မည်စိုးသောကြောင့် UEC  က ဖြေလျှော့ ပေးလိုက်ခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နိုင်ငံရေးပါတီတွေ အခက်အခဲ ကြုံနေရတဲ့ အတွက်ကြောင့်မို့လို့ ပြည်ထောင်စုအဆင့်ပါတီတွေ ၆ ပါတီစလုံးကို ပြည်ထောင်စုအဆင့်မှာ ပါဝင်စေချင်တော့ တချို့ နိုင်ငံရေးပါတီတွေ အကျပ်အတည်း တွေ့မှာစိုးလို့ သူတို့ ဖြေ လျှော့ ပေးလိုက်တာပေါ့။ ဒါမှပဲ နိုင်ငံရေးပါတီ လုပ်သာကိုင်သာရှိမှာပေါ့။ ဒါပေမယ့် ဒီလိုထုတ်ပြန်ချက်က စော စောစီးစီး ထုတ်ပြန်ရင် ကောင်းတာပေါ့၊ အခုဟာက နည်းနည်း နောက်ကျသွားတာပေါ့။ တကယ်လို့သာ ဒီလို ထုတ်ပြန် ကြေညာချက်က စောစောစီးစီးကသာ ထုတ်ပြန်ခဲ့မယ်ဆိုရင် အခုထက်ပိုပြီးတော့ ပြည်ထောင်စုအဆင့် ပါတီ များပြားမှာပေါ့။ အခုကတော့ ဒါလွှတ်တော်ထဲမှာ ပြည်ထောင်စုအဆင့် ပါဝင်မယ့်ပါတီက အရေအတွက် တအား နည်းသွားပြီ အရောင်အသွေး မစုံလင်တဲ့ လွှတ်တော်ဖြစ်နေမှာပေါ့ အထူးသဖြင့် တပ်မတော်သား ကိုယ်စားလှယ်တွေ အများအပြား လွှတ်တော်ထဲ ဝင်ရောက်လာနိုင်ခြေရှိတယ်လေ”ဟု ပြောသည်။

မူလက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ်(၁)တွင် ပြည်ထောင်စုတစ် ဝန်းလုံး၌ စည်းရုံးမည့် ပါတီဖြစ်ပါက အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်  နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲ ဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ဆိုသည့် အချက်ကို ငြိစွန်း လျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

လက်ရှိ အခြေအနေမျိုးတွင် မဲဆန္ဒနယ်မြေ ထက်ဝက်ကျော်မှာ ဝင်ရောက် ယှဥ်ပြိုင်ရန် ပါတီများအတွက် မလွယ် ကူကြောင်း တခြားပါတီများလည်း ဝိုင်းပြောကြသည့်အတွက် ပြင်ပေးလိုက်ခြင်း ဖြစ်နိုင်သည်ဟု အမျိုးသား ဒီမိုကရက်တစ်အင်အားစုပါတီ(NDF)မှ အထွေထွေအတွင်းရေးမှူးဟောင်း ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။

UEC နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

၎င်းက “ဦးကိုကိုကြီးကတော့ စာရေးပြီးတော့မှ ဒီလိုမျိုး လက်ရှိ အခြေအနေမျိုးမှာ မဲဆန္ဒနယ်မြေ ထက်ဝက် ကျော်မှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့ဆိုတာ ပါတီတွေအတွက် မလွယ်ပါဘူး။ ဥပမာဆိုလို့ရှိရင်သူက PR ပြိုင်မှပေါ့နော် FPTP မှာ ပြိုင်လို့ရမယ်ဆိုတဲ့ ဟာမျိုးတွေ အဲဒီလိုစသဖြင့်ပေါ့နော် သက်မှတ်ချက် လေးတွေရှိတယ်။ အဲဒါမျိုး ပြည့်ဖို့ကြတော့ နည်းနည်းခက်တဲ့ သဘောရှိတယ်။ ဦးကိုကိုကြီး ကနေမှ ဒါတွေ ဒီလို အခက်အခဲတွေ ရှိပါတယ် ဆိုပြီးတော့မှ နိုင်ငံတော်အစိုးရဆီ စာတင်ပြီးတော့မှ တင်ပြလိုက်တာပေါ့။ တခြား ပါတီတွေကလည်း ဝိုင်းပြော ကြတဲ့ သဘောရှိတော့ အဲတာကို နိုင်ငံတော်က ပြင်ပေးလိုက်တာပေါ့လေ။ ကပ်ပြီး ပြင်လိုက်တော့ ဘာဖြစ်သလဲ ဆိုတော့ ဟိုဘာမှမဖြစ်ပါဘူး။ မပြင်ပေးရင် မပြည့်တဲ့ပါတီ ရှိနိုင်တယ်လေ အဲလိုဆိုရင် ထပ်ပြီးတော့မှ မှတ်ပုံတင် ခြင်းကလည်း ပယ်ဖျက်ခံရမယ့် ပါတီတွေ ရှိလာရင်ကြတော့ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်သွားတဲ့ နေရာမှာ တော်တော်လေးကို အခက်အခဲတွေ ဖြစ်သွားမှာပေါ့။ အဲဒီအတွက် ပြင်ပေးလိုက်တာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည် ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ထုတ်ပြန်ထားသည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်အတွက် စုစုပေါင်း မဲဆန္ဒနယ်(၇၁၂)နယ်တွင် ရွေးကောက်ပွဲများ ကျင်းပမှာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။