CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသော အထွေထွေရွေးကောက်ပွဲ၌ ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင် မည့် နိုင်ငံရေးပါတီ အရေအတွက်နည်းလျှင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရန် ခဲယဉ်းနိုင်ကြောင်း ရန်ကုန် စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနကိုပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုတစ်ဝန်း ဝင် ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသော နိုင်ငံရေးပါတီ ၉ ပါတီရှိသည်။
သို့သော် ပါတီဝင် အင်အား ၅၀၀၀၀ မပြည့်ခြင်းနှင့် ပါတီရုံးခန်း ၁၁၀ ဖွင့်လှစ်ရန် သတ်မှတ်ချက် မပြည့်ခြင်းတို့ ကြောင့်ဆိုပြီး ပြည်ထောင်ရွေးကောက်ပွဲကော်မရှင်(UEC)မှ နိုင်ငံရေးပါတီ ၄ ပါတီကို ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့သည်။
ထိုပါတီများမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ဖြစ်သည်။
နိုင်ငံရေးပါတီ ၄ ပါတီကို UEC က ဖျက်သိမ်းလိုက်တဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို ၃ ပါတီအနက် NDF၊ DNP၊ အမျိုးသမီးပါတီ(မွန်)တို့သည် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော ပါတီများဖြစ်သည်။
ပါတီစုံဒီမိုကရေစီဟုပြောပြီး ပြည်ထောင်စုအဆင့် ဝင်ပြိုင်နိုင်သည့် ပါတီက ၃ ပါတီ ၄ ပါတီပဲရှိလျှင် နိုင်ငံ တကာက အသိအမှတ်ပြုရန် အရမ်းခဲယဥ်းသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သက်ဆိုင်ရာ UEC အနေနဲ့ တာဝန်ရှိ လူကြီးမင်းတွေ သာမကပဲ နိုင်ငံရေးခေါင်းဆောင်တွေ နိုင်ငံတော် အကြီးအကဲတွေကပါ ဒီကိစ္စကို ခေါင်းထဲထည့်ပြီးတော့ စဥ်းစားသင့်တော့။ ပါတီစုံဒီမိုကရေစီလို့ ပြောပြီးတော့ ပြည်ထောင်စုအဆင့် ဝင်ပြိုင်နိုင်တဲ့ ပါတီက ၃ ပါတီ ၄ ပါတီပဲ ရှိတယ်ဆိုလို့ရှိရင် နိုင်ငံတကာက ဒါအသိအမှတ် ပြုဖို့ဆို အရမ်းခဲယဥ်းတယ်။ ဒါကြောင့်မို့လို့ ဒီနိုင်ငံတော် အကြီးအကဲတွေနဲ့ UEC တာဝန်ရှိသူတွေ အနေနဲ့ ပြန်ပြီး တော့ စဥ်းစားသင့်တယ်။ ပါတီစုံဒီမိုကရေစီလို့ ပြောလို့ရှိရင် ပြည်ထောင်စုအဆင့်မှာ ယှဥ်ပြိုင်နိုင်တဲ့ ပါတီကြီးက အနည်းဆုံးတော့ ၁၀ ပါတီလောက်ရှိသင့်တယ်။ တစ်နိုင်ငံလုံးအပြည့် ကိုယ်စားလှယ် ရဖို့ဆိုတာလေ တကယ်လို့ များ ဒီလိုပါတီတွေ ထပ်ပြီးတော့မှ ကိုယ်စားလှယ်လောင်း မပြည့်မှီလို့ ပြုတ်မယ်ဆိုရင် ဒီရွေးကောက်ပွဲမှာ ပါဝင် ယှဥ်ပြိုင်နိုင်မယ့် ပါတီက ၃ ပါတီ ၄ ပါတီထက်ပိုမှာ မဟုတ်ဘူး။ အဲဒါဆိုလို့ရှိရှင် အန်တီတို့က နိုင်ငံတကာက စောင့်ကြည့်လေ့လာသူများရဲ့ အမြင်မှာ ဒါသိပ်ပြီးတော့ မတင့်တယ်ဘူးပေါ့”ဟု ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(စ)နှင့် (ဇ) တို့အရ နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေး ဆောင်ရွက်ပြီး ကော်မရှင်သို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား တင်ရန် ဩဂုတ် ၂၀ ရက်က ထုတ်ပြန်ထား သည်။
နိုင်ငံရေးပါတီတွေကို တွေ့ရစဉ်
UEC ဥပဒေများက လက်ရှိအခြေအနေ၊ နိုင်ငံရေး အခြေအနေများနှင့် ကြည့်မည်ဆိုလျှင် အရမ်းတင်းကြပ်သည့် သဘောမှာ ရှိနေသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အမှန်တကယ်ကတော့ ဒီပါတီတွေနဲ့ ပတ်သက်တဲ့ UEC ဥပဒေတွေက အခုဒီအခြေအနေနဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ကြည့်မယ်ဆိုရင် အရမ်းတင်းကြပ်တဲ့ သဘောမှာ ရှိနေတယ်။ ဒါပေမယ့် တကယ် တမ်းက တိုင်းပြည်ရဲ့ အခြေအနေက နိုင်ငံရေးပါတီတွေ ရုံးခန်းဖွင့်နိုင်ဖို့ အခြေအနေ မပေးဘူးလေ။ လုံခြုံရေးအရ စိုးရိမ်ရတာဖြစ်တဲ့ အတွက်ကြောင့် ရုံးခန်းဖွင့်မယ့် နိုင်ငံရေးပါတီတွေကို မငှားရဲကြဘူးပေါ့နော်။ အဲလို အခြေအနေ ဖြစ်လာတော့ ရုံးခန်း ၁၁၀ ရဖို့ဆိုတာ လက်တွေ့မှာ အရမ်းခက်ခဲတယ်ပေါ့နော်။ ဥပမာ-တစညပါတီတို့၊ USDP တို့ ကကြတော့ ဟိုးအရင်ထဲက သူတို့က ရုံးခန်းတွေ ရှိပြီးတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် ဒါမထောင်းသာဘူးပေါ့နော်။ ဒါကြောင့်မို့လို့ အန်တီတို့ တဖွဖွပြောခဲတယ် UEC အနေနဲ့က ဒီလို ပါတီအသစ်တွေကိုပေါ့နော်၊ စည်းကမ်းတွေ ပိုင်းမှာ ဒါဖြေလျှော့မှုတွေ ပေးသင့်တယ်လို့ နိုင်ငံရေးပါတီတွေဘက်က တစိုက်မတ်မတ် တောင်းဆိုမှုတွေ ရှိခဲ့တယ်ပေါ့။ အခုလက်ရှိ အနေအထားက ဒါမပြီးသေးဘူးနော် ဆက်ပြီးတော့ ကိုယ်စားလှယ်လောင်းတွေ မရဘူးဆိုရင်လည်းပဲ ဒါပြည်ထောင်စုအဆင့် ပါတီတွေက ထပ်ပြီးတော့ ပြုတ်နိုင်ခြေရှိတဲ့ အလားအလာရှိတဲ့ နိုင်ငံရေး ပါတီတွေ ရှိနေသေးတယ်။ အဲတာကြောင့် ဒါထပ်ပြီးတော့တောင်မှ ဒါပြုတ်မလား တချို့ပါတီကြီးတွေ ပေါ့၊ ဒါစိုးရိမ်နေရတဲ့ အခြေအနေရှိနေတယ်ပေါ့။ ဒါ UEC က အချိန်ထပ်ပေးသင့်တယ် ဒီဟိုဟာတွေနဲ့ ညှိပြီးတော့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးပါတီတွေကလည်း ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ပေါ့၊ ဒီကိစ္စကို တခဲနက် ပေါ့နော်။ ရွေးကောက်ပွဲကော်မရှင်ကို ထပ်မံတောင်းဆိုသင့်တယ်ပေါ့နော်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်ထောင်စုတစ်ဝန်း ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော ၉ ပါတီအနက် ၆ ပါတီသာ ကျန်ရှိတော့သည်။
အဆိုပါ ပါတီများမှာ ဦးခင်ရီ ဦးဆောင်သော (USDP)ပါတီ၊ ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် (PPP)ပါတီ၊ ဦးကိုကိုကြီး ဦးဆောင်သော(PP)ပါတီ၊ စိုင်းအိုက်ပေါင်း ဦးဆောင်သည့် (SNDP)ပါတီ၊ ဦးကျော်စွာစိုး ဦးဆောင် သော(MFDP)ပါတီ၊ တစညပါတီတို့ ဖြစ်သည်။