CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀
လာမည့် အစိုးရအဖွဲ့သစ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတလုပ်လာပါက တပ်မတော်ကို မည်ကဲ့သို့ ထိန်းချုပ်မလဲဆိုသည့်အပေါ် အားလုံးက စိတ်ဝင်တစား လေ့လာစောင့်ကြည့်နေကြသလို မေးခွန်းထုတ်မှုများလည်း ရှိနေသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် နိုင်ငံရေး အခင်းအကျင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် တရားဝင် သမ္မတလုပ်မည့် မူလရည်မှန်းချက် ရှိနိုင်ကြောင်း၊ တစ်ဖက်တွင်လည်း တပ်မတော် ၏ အာဏာကို ဆက်လက် ထိန်းချုပ်နိုင်သည့် ပုံစံတစ်မျိုးဖြင့် ပွဲထုတ်လာနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက“သူသမ္မတလုပ်ဖို့တော့ မူလရည်မှန်းချက် ရှိတယ်ထင်တယ်။ ဒါကြောင့် သမ္မတလည်းဖြစ် နောက် ပြီးတော့ တခြား တပ်ရဲ့ အုပ်ချုပ်ပိုင်ခွင့်ကိုလည်း ထိန်းနိုင်တဲ့ ပုံစံတစ်မျိုးနဲ့တော့ ပွဲထုတ်လာနိုင်တဲ့ သဘောရှိပါတယ်။ အားလုံး သုံးသပ်နေတာကျတော့ လုပ်ခြင်း၊ မလုပ်ခြင်း မဟုတ်ပဲနဲ့ လုပ်ကိုလုပ်မယ်။ သို့သော် တခြား ဘေးထွက် ဆိုးကျိုးတွေကိုလည်းရအောင် ထိန်းမယ်ဆိုတဲ့ ပုံစံတော့ ရှိနိုင်တယ်။ ဒါကြောင့် အခင်းအကျင်း အသစ်လို့ ပြောနိုင်တာပေါ့ဗျာ။ ဒါပေမယ့် သမ္မတကြီး တရားဝင်ဖြစ်ဖို့တော့ အစီအစဉ် ရှိတယ်လို့တော့ ခန့်မှန်းပါတယ်။ အဲဒါကြောင့် အဲဒီလိုဖြစ်လို့ တပ်နဲ့ကင်းကွာမလား ဘာညာ စိုးရိမ်ကြတာတော့ ရှိတယ်။ သို့သော်လည်းပဲ အဲဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင် ဆင်ပြီးတော့ ကိစ္စနှစ်ရပ်ကို ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်တဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မတ်လမှာ လွှတ်တော်ပေါ်လာမယ့် လွှတ်တော်ရဲ့ ပထမဆုံးတာဝန်က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အရေးကြီးတဲ့ ပုဒ်မတွေကို ပြင်မလား အဲဒါတွေကို စောင့်ကြည့်ရမှာပေါ့ အကယ်၍ ပြင်ခဲ့သည် ရှိသော် ဒီအခင်းအကျင်းကတော့ အဲဒါမျိုး ဖြစ်သွားနိုင်တာပေါ့၊ အဲဒီလိုမြင်ပါတယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့ပြင် လွှတ်တော် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းကိစ္စရပ်များနှင့်ပတ်သက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအဆို တက်လာနိုင်သည့် အနေအထားမျိုး ယူဆလို့ရနိုင်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ဆက်ပြောသည်။
၎င်းက “တရားဝင်ပဲ လွှတ်တော်က ရွေးကောက် အတည်ပြုပေးတဲ့ သမ္မတကြီး အနေနဲ့ပဲ တရားဝင် လမ်းကြောင်းအတိုင်းပဲ ပြတ်ပြတ်သားသား လုပ်သွားမယ်လို့ ယူဆပါတယ်။ သို့သော်လည်းပဲ တပ်နဲ့ ကင်းကွာသွားနိုင်တဲ့ အချက်ကတော့ ၂၀၀၈ က ပြဋ္ဌာန်းချက်ဖြစ်တာကို အဲဒါကို ပြင်လိုက်ရင်လည်း ဥပမာ- အမေရိကန်သမ္မတက စစ်သေနာပတိချုပ် ဖြစ်တယ်ဆိုတဲ့ ဟာရှိတယ်လေ။ ထို့အတူပဲ ဖက်ဒရယ် တိုင်းပြည်တွေမှာလည်း လုပ်သွားတာရှိတယ်၊ သမ္မတရဲ့ အခွင့်အာဏာက တပ်နဲ့ပါ ပတ်သက်နိုင်တယ် ဆိုတဲ့ဟာက အမေရိကန်ပုံစံတွေ ဘာတွေ အဲ့တာမျိုး ပြဋ္ဌာန်းလိုက်ရင်တော့ လွှတ်တော်က ပထမဦးဆုံး အနေနဲ့ ပြဋ္ဌာန်းရင်တော့ အကျုံးဝင် သွားနိုင်တာပေါ့။ ဒါကြောင့် ခန့်မှန်းရခက်ပါတယ်။ သို့သော်လည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခုလက်ရှိ အတိုင်းကတော့ မလွယ်ဘူးပေါ့။ နှစ်နေရာလုံးထိန်းဖို့က မလွယ် ဘူး။ သို့သော် ပြင်လိုက်ရင်တော့ လွယ်သွားမယ်။ အဲဒါကြောင့် လွှတ်တော် ပေါ်ပေါက်ပြီးတာနဲ့ တစ်ပြိုင် နက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအဆို တက်လာနိုင်တယ်လို့ ကျနော်တို့က ယူဆပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယာယီသမ္မတ၊ ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် စသည့် တာဝန်များကို ရယူထားသည်။
ထို့ကြောင့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတတာဝန် ရယူလာနိုင်သည်ဟု ပြည်တွင်း/ပြည်ပက ယူဆထား သည်။
ထိုသို့ သမ္မတ တာဝန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ခံခဲ့ပါက တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် တာဝန်ကနေ ရပ်နားပြီး ယုံကြည်စိတ်ချရသူကို တပ်ချုပ်ရာထူး လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ ထို့နောက် တပ်မတော်ကို ဆက်လက် ကိုင်တွယ်ထားနိုင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ကကနကောင်စီကနေ ကော်မတီ/ကော်မရှင် တစ်ရပ် ဖွဲ့စည်း၍ ဆောင်ရွက်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတ လုပ်ခြင်း မလုပ်ခြင်းသည် နိုင်ငံပေါ် ထူးခြားသည့် အကျိုးသက် ရောက်မှု ရှိလာမည်ဟု မထင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်စွဲပြီး တရားသေ ဆွဲယူလို့မရသည့် အတွက် အချိန်မရွေး ပြန်လည်ပြင်ဆင်လိုက ပြင်နိုင်သည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အန်တီတစ်ဦးထဲ အမြင်နဲ့ ပြောမယ်ဆိုလို့ရှိရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတလုပ်ခြင်း၊ မလုပ်ခြင်းဟာ နိုင်ငံပေါ်မှာ ထူးခြားပြီးတော့ အကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့တော့ မထင်ဘူး။ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ကပေါ့နော်၊ သမ္မတဖြစ်ချင်ရင် ဖြစ်နိုင်ဖို့ အခွင့်အရေး အခုရှိနေပြီလေ။ အဲဒီလို အခွင့်အရေးကို လက်လွှတ်ပြီးတော့ သမ္မတ မလုပ်ပဲနဲ့ နေလိုက်မယ်ဆိုလို့ရှိရင် ဒါအထင်းသား ပေါ်လွင် နေတာက ဘာလဲဆိုတော့ တက်လာတဲ့အစိုးရကို ဗိုလ်ချုပ်မှူးကြီးက လုံးဝ ၁၀၀ ရာခိုင်နှုန်း နီးပါး ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု သူ့မှာ ရှိနေလို့ပေါ့နော်။ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ အခက်အခဲ အတား အဆီးတွေ ဆိုတာကပေါ့နော်၊ ကျော်လွှားတဲ့ လူလုပ်ထားတာတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူကပဲ ဖန်တီးပြီးတော့ အလွယ်တကူ ကျော်လွှားနိုင်တဲ့ ကိစ္စတွေ ဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုင်စွဲပြီးတော့ ဟာ ဒါကြီးက ဒီလိုဖြစ်နေလို့ ဒါတော့ မဖြစ်ဘူးဆိုတာမျိုး တရားသေ ဆွဲယူလို့ မရပါဘူးပေါ့နော်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက လူတွေ ရေးဆွဲထားတာ ဖြစ်တယ်။ လူ တွေရေးဆွဲထားတဲ့ဥပဒေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူတွေက အချိန်မရွေး ပြင်လိုက ပြင်နိုင်တယ်။ ဥပဒေကြီးကို ပြင်ဆင်တာမျိုး မဟုတ်ရင်တောင်မှ ဥပဒေတိုင်းမှာ ထွက်ပေါက်ဆိုတာက ရှိတယ်ပေါ့နော်။ ဒါကြောင့် ထွက်ပေါက်တွေကို အသုံးချပြီးတော့ ဗိုလ်ချုပ်မှူးကြီးက ဖြစ်ချင်တယ်ဆိုရင် ဖြစ်သွားနိုင်တဲ့ သူလိုချင်တဲ့ အခင်းအကျင်း ပုံစံမျိုးကို ဖြစ်သွားနိုင်တဲ့ အနေအထားမှာရှိပါတယ်။ ဒါကြောင့် သူဖြစ်ချင်ရင် တော့ ခုနကပြောသလို နေရာနှစ်နေရာ စလုံးကို ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးလည်း ဖန်တီးလို့ရပါ တယ်” ဟု ပြောသည်။
ရွေးကောက်ပွဲအလွန် ထွက်ပေါ်လာမည့် အစိုးရအဖွဲ့ကို နိုင်ငံတော်အာဏာအား လွှဲပြောင်းပေးမည် ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်တော့မည်ဖြစ် ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲအလွန် သမ္မတ မလုပ်ဘဲ တခြားသူကို သမ္မတတင်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကနေ အစိုးရအဖွဲ့ကို ထိန်းကြောင်းသူ လုပ် မလား သို့မဟုတ် ကိုယ်တိုင် သမ္မတလုပ်ကာ တပ်မတော်ကို ထိန်းကြောင်းသူ လုပ်မလားဆိုကိုတော့ စောင့်ကြည့်ရမည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။
