CNI News

 ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ရာထူး တာဝန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်များ အနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ဦးဆောင်မှု အောက်တွင် တပ်မတော်၏ တာဝန်များကို စုစည်းညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက “ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ယူခဲ့သည့် ၁၅ နှစ်တာ ကာလအတွင်း ခေတ်မီတပ်မတော်(Standard Army)တည်ဆောက်ရေး လုပ်ငန်းစဉ်များ ကို စနစ်တကျ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့်လည်း တပ်မတော်ကို သမားရိုးကျစစ် ဆင်နွှဲနိုင်သည့်၊ တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားရှိသည့် ခေတ်မီ တပ်မတော်တစ်ရပ်အဖြစ် ရပ်မှန်းချက်ထား ဖွဲ့ စည်း တည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်”ဟု ပြောသည်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ဒို့တာဝန် အရေး(၃)ပါးကို အမျိုးသားရေး တာဝန်အဖြစ် ခံယူထား ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး(၃)ပါးကို ဆက်လက် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန်၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာ အာဏာ တည် တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့် ရှောက်ရန်” တာဝန်ပေးထာသည့်အတွက် ယခုတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာဖြင့် ဆက်လက် ကြိုးပမ်း ထမ်းဆောင်သွားမည်ဟု တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။

၎င်းက “ နိုင်ငံတော်အစိုးရ၏ ဦး‌ဆောင်မှုနှင့်အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လိုလား ချက် ဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်များကို ထမ်းဆောင် သွားမည်၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားမည်”ဟု ပြောသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ချမှတ်ထားသည့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့် ဆောင်ပုဒ် အတိုင်း လိုက်နာကျင့်သုံးပြီး တိုက်စွမ်းအားနှင့် တိုက်စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်အောင် ဆက်လက် ဆောင်ရွက်သွားမည်၊ “ပြည်သူသာအမိ၊ ပြည်သူသာအဖ”ဆိုသည့် မူဝါဒကို လိုက်နာပြီး တပ်နှင့်ပြည်သူ တစ်သား တည်းဖြစ်အောင် ဆောင်ရွက်သွားမည်၊ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် တပ်တွင်း၊ တပ်ပြင် စည်းရုံးရေးကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု တပ်ချုပ်သစ်က ပြောသည်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

အလားတူ နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက်က အမြော်အမြင်ရှိရှိ ချမှတ်ထားခဲ့သော “မွန်မြတ်သည့် လက်ဆင့်ကမ်း အမွေကို ထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက် မြှင့်တင်သွားကြရန်” ဆိုသည့် တိုက်တွန်းမှာကြားမှုကို အလေးအနက် လိုက်နာဆောင်ရွက်သွားမည်၊ တပ်မတော်၏ ကောင်းမြတ်သည့် သမိုင်း အစဉ်အလာများကို ဆက်လက် ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော တပ်မတော်၊ ပြည်သူလူထုက အား ကိုးရသော တပ်မတော်ဖြစ်အောင် ဆက်လက် ဆောင်ရွက်သွားမည်ကို အလေးအနက်ထား ပြောကြားလိုပါ ကြောင်း တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။