CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀
နိုင်ငံတော်ဘက်မှ အာရက္ခတပ်တော် (AA) အား စစ်ရေးဖြင့် ဖြေရှင်းသည့် နေရာတွင် အင်မတန်ကြိုးစား ဖြေရှင်း ရမည့် အနေအထားဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ အခင်းအကျင်းအရ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်းနှင့် မကွေးတိုင်း အနောက်ဘက်တို့သည် AA နှင့် ဆက်စပ်နေသည့် တိုင်းများဖြစ်ကာ ရခိုင် အပါအဝင် ထိုဒေသများ၌ စစ်ကြောင်းများ ထိုးလျက်ရှိကြောင်း၊ ထိုအခင်းအးကျင်း၌ ပုသိမ်-မုံရွာလမ်းမကြီးသည် မဟာဗျူဟာကျလာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ ဘာလဲဆိုတော့ Sovereign State (အချုပ်အခြာအာဏာပိုင်နိုင်ငံ) နဲ့ Sub-autonomy State (ကိုယ်ပိုင်အုပ်ချုပ်ခွင့်) ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက် ၂ ခုရှိတယ်။ Sovereign State ဆိုတာ မြောက်အိုင်ယာလန် Belfast ကို IRA (Irish Republican Army) တွေ တိုက်ခိုက်ပြီးတော့မှ ဗြိတိန်နဲ့ နိုင်ငံရေး စကားပြောတဲ့ သမိုင်းကြောင်းရှိတယ်။ အဲဒါ Sovereign State ကို မြောက်အိုင်ယာလန်က အကောင်အထည် ဖော် တာ။ ကျန်တဲ့ဟာကြတော့ autonomous State တွေကကြတော့ သူက ဖိလစ်ပိုင်ရဲ့ မင်ဒါနာအိုကိစ္စတွေ၊ နောက် တစ်ခါ အိန္ဒိယရဲ့ ကျနော်တို့နားက အရှေ့မြောက် ပြည်နယ် ၈ ခုပေါ့နော်။ အဲဒါတွေကတော့ autonomous State တွေကို ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ နိုင်ငံရေးရလဒ်အဖြစ် အကောင်အထည်ဖော်တဲ့ ဥပမာတွေဖြစ်တယ်။ အဲဒီ တော့ AA က မြို့တော် စစ်တွေနဲ့ အရေးကြီးတဲ့ ကျောက်ဖြူကို စစ်ဆင်ရေးတွေ လုပ်နေတယ်။ ဒါ့အပြင် ပဲခူးတိုင်း ရဲ့ အနောက်ခြမ်းနဲ့ မကွေးတိုင်းရဲ့ အနောက်ဖက် ကပစ စက်ရုံကြီးတွေဘက်ကိုလည်း တိုက်တယ်။ ဧရာဝတီဘက် ကိုလည်း ပုသိမ်နားအထိ စစ်ကြောင်း ထိုးထားတာရှိတယ်။ အဲဒီအခါကြတော့ ဘာသွားမြင်လဲဆိုတော့ ရခိုင် AA က သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက် သူတို့လည်း ထုတ်ပြောထားတာ ရှိတယ်။ သူတို့ကတော့ ကွန်ဖက်ဒရေးရှင်း ဘက်ကိုသွားတဲ့ Sovereign State ဆန်ဆန် နိုင်ငံရေး ရည်မှန်းချက်ကို တွေ့ရတယ်။ တွေ့ရတဲ့အတွက်ကြောင့် မို့လို့ နိုင်ငံတော်ကနေပြီးတော့မှ နိုင်ငံရေးပဋိပက္ခ စစ်ရေးနဲ့ဖြေရှင်းတဲ့နေရာမှာ တော်တော်ကြီး ကြိုးစားဖြေရှင်းရ မယ့် အနေအထားအထိ ကျနော်တို့ကတော့ တွေ့ရပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်က လမ်းဆုံ တစ်နေရာကို တွေ့ရစဉ်
အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့အကြား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက အပစ်ရပ် သဘောတူညီ ခဲ့ကြပြီး တစ်နှစ်ခန့်အကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိအချိန်အထိ ဖြစ်သည်။
ထိုတိုက်ပွဲများအကြား စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ၃ မြို့မှအပ ပလက်ဝ အပါအဝင် ရခိုင်ပြည်နယ်ရှိ ကျန်မြို့နယ်များကို AA က ထိန်းချုပ်ထားသည့် အနေအထား ဖြစ်သည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အတွင်း တစ်ဖွဲ့တည်း လှုပ်ရှားသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ညီနောင်မဟာမိတ် ၃ အဖွဲ့ဖြစ်လည်း လှုပ်ရှားသည်။
ထို့ပြင် ကချင်၊ ချင်း လက်နက်ကိုင်အဖွဲ့များနှင့် ပူးတွဲစစ်ရေး လှုပ်ရှားလျက်ရှိသကဲ့သို့ နွေဦးတော်လှန်ရေး အင်အားစုများဖြင့်လည်း စစ်ရေးကို ဖြန့်ကျက်လှုပ်ရှားလျက်ရှိသည်။
AA နှင့် မြန်မာ့တပ်မတော်တို့အကြား မည်မျှပင် စစ်ရေးအရ သွားနေသည် ဆိုသော်လည်း နိုင်ငံရေးအရ စားပွဲဝိုင်း ပေါ်တွင် သဘောတူညီချက် လုပ်ရမည်ဖြစ်ကြောင်း၊ စစ်ရေး အသာရမှုအပေါ် မူတည်ကာ လိုလားချက်ကို ဆုံးဖြတ်နိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
၎င်းက “ရန်သူကတော့ အမြဲတမ်းဖြေရှင်းဖို့ ကြိုးစားနေတာပဲ။ ၂၀၂၆ မဟုတ်ဘူး။ စတိုက်ကတည်းကကို သူတို့ ဘက်က ဖြေရှင်းဖို့ ကြိုးစားတာပဲ။ ဒါပေမယ့် တဖြေး တဖြေးနဲ့ နေပြီးတော့ အခုအခြေအနေအထိ ရောက်လာတဲ့ ပုံစံ။ ဒီတော့ ဖြေရှင်းဖို့ကတော့ သူတို့ကြိုးစားမယ်၊ လွယ်ခြင်း၊ မလွယ်ခြင်း ဆိုတာကတော့ အခုလက်ရှိဖြစ်နေတဲ့ ပကတိ အခြေအနေပေါ်မှာပဲ နိုင်ငံတစ်ဝှမ်းလုံး မချန်တဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေ၊ အကြောင်းအရာတွေ အကုန်လုံးကို ဆက်စပ်ပြီးမှ ပြောရမှာပေါ့။ ဘယ်လောက်ပဲ စစ်ရေးအရ သွားတယ်လို့ဆိုဆို တစ်နေ့မှာတော့ နိုင်ငံရေးအရတော့ စားပွဲဝိုင်းပေါ်မှာ agreement လုပ်ပြီးလို့ သဘောတူညီချက်တွေကတော့ လုပ်ရမှာပဲ။ ဒါပေမယ့် စစ်ရေးအရ အသာရတယ်ဆိုရင်တော့ စားပွဲဝိုင်းပေါ်မှာ ကိုယ်ကတော့ ကိုယ့်ရဲ့ လိုလားချက်တွေကို တင်းတင်းမာမာ ပြောပြီး တော့ ဆုံးဖြတ်လို့ ရတာပေါ့လေ။ ရှင်းရှင်းပြောရရင် သဘောတူညီချက် ဆိုတာကလည်း အနိုင်ရသူတွေရဲ့ အသာရ အောင် ဆုံးဖြတ်တဲ့ပုံစံပေါ့လေ” ဟု ပြောသည်။
ရခိုင်လူမျိုးများ အနေဖြင့် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ထက် မနိမ့်သော အဆင့်အတန်း တစ်ခုကို ရအောင် တိုက်မည်ဟု အာရက္ခတပ်တော်(AA)မှ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောဆိုထားဖူးသည်။
တခြား တစ်ဖက်မှာတော့ AA နှင့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းတို့ တရုတ်နိုင်ငံမှာ တွေ့ဆုံ၍ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တရုတ်ဘက်က အဆိုပြုချက်ကို AA က လက်ခံထားကြောင်း နီးစပ်သူများ က ပြောသည်။
