CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၂၀
ဂါဇာဒေသ၏ အစီအစဉ်များကို ကြီးကြပ်ကွပ်ကဲရန်နှင့် ကမ္ဘာ့ရေးရာများတွင် ပိုမိုကျယ်ပြန့်သော လုပ်ပိုင်ခွင့်များ ရရှိရန် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့(Board of Peace) တွင် ပါဝင်ရန် အမေရိကန်က အခြားနိုင်ငံ ၈ နိုင်ငံကို ထပ်မံဖိတ်ကြားထားကြောင်း အေပီမှ ဖော်ပြခဲ့ သည်။
ထိုနိုင်ငံများထဲမှ ဟန်ဂေရီနှင့် ဗီယက်နမ် နိုင်ငံတို့က ထရမ့်၏ ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုဘုတ်အဖွဲ့တွင် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်လိုပါက အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ထည့်ဝင်ရမည်ဖြစ် ကြောင်း အများပြည်သူသို့ ထုတ်ပြန်ခြင်း မရှိသေးသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ ပဋိညာဉ်စာတမ်းနှင့် ပတ်သက် ၍ အမည်မဖော်လိုသော အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
သို့သော် ၃ နှစ် သက်တမ်းရှိသည့် ယာယီအဖွဲ့ဝင်အဖြစ် ပါဝင်လိုပါက ငွေကြေးထည့်ဝင်ရန် မလိုအပ်ကြောင်း ၎င်းက ဆိုသည်။

ဂါဇာဒေသကို တွေ့ရစဉ်
ကောက်ခံရရှိသော ငွေများကို ဂါဇာဒေသ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုသွားမည်ဖြစ်ပြီး အခြားနိုင်ငံ တကာ အဖွဲ့အစည်းများ၌ ကြုံတွေ့နေရသည့် များပြားသော လစာငွေပေးချေမှုများ၊ အုပ်ချုပ်ရေးပိုင်းတွင် မလိုအပ် ဘဲ ဝန်ထမ်းဖောင်းပွမှုများ ရှိလာလိမ့်မည် မဟုတ်ကြောင်း အမေရိကန်အရာရှိက ပြောသည်။
ဥရောပတွင် ထရမ့်၏ အမာခံ ထောက်ခံသူ တစ်ဦးဖြစ်သည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orbán) သည် အဆိုပါ ဘုတ်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ပီတာ စီယာတို (Péter Szijjártó) က ဇန်နဝါရီ ၁၈ ရက်တွင် နိုင်ငံပိုင် ရေဒီယိုမှတဆင့် အတည်ပြုပြော ကြားခဲ့သည်။
ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ် (To Lam) ကလည်း ထရမ့် ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အလားတူ အိန္ဒိယနိုင်ငံသည်လည်း ဖိတ်ကြားချက်ကို လက်ခံရရှိထားကြောင်း ထိုအကြောင်းအရာနှင့် နီးစပ်သည့် အမည်မဖော်လိုသူ အိန္ဒိယအစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဂါဇာဒေသကို တွေ့ရစဉ်
ဩစတြေးလျနိုင်ငံသည်လည်း ထိုဘုတ်အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားခြင်း ခံထားရပြီး ဂါဇာငြိမ်းချမ်းရေး အစီအစဉ် နှင့်ပတ်သက်ပြီး အမေရိကန်နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ရစ်ချက်မားလ် (Richard Marles) က ဇန်နဝါရီ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ဂျော်ဒန်၊ ဂရိ၊ ဆိုက်ပရပ်စ်၊ ပါကစ္စတန်၊ ကနေဒါ၊ တူရကီ၊ အီဂျစ်၊ ပါရာဂွေး၊ အာဂျင်တီးနားနှင့် အယ်လ်ဘေးနီးယား နိုင်ငံတို့ကလည်း ၎င်းတို့သည် ထရမ့်၏ ဖိတ်ကြားစာကို ရရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိ အချိန်အထိ ထရမ့်သည် နိုင်ငံပေါင်း မည်မျှကို ဖိတ်ကြားထားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အမေရိကန်သည် ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်မည့် တရားဝင် အဖွဲ့ဝင်စာရင်းကို လာမည့် ရက်ပိုင်းအတွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ် (Davos) မြို့၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) အစည်း အဝေးအတွင်း ကြေညာဖွယ်ရှိသည်။
Source: အေပီ
