CNI International News
ဝါရှင်တန်၊ ဇွန်လ ၂
ဟားမာ့စ်အဖွဲ့က ဂါဇာတွင် အစ္စရေးနှင့် ယာယီအပစ်အခတ်ရပ်စဲမှု ပြုလုပ်ရန် အမေရိကန်မှ ထောက်ခံပေး ထားသည့် အဆိုပြုချက်ကို ပြင်ဆင်မှုများ ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း မေလ ၃၁ ရက်၌ ပြောခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) ကမူ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ပြင်ဆင်လိုသည့် ဟားမာ့စ်အဖွဲ့၏ တောင်းဆိုမှုကို လုံးဝ လက်မခံနိုင်ကြောင်း ပြောဆိုခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) ကလည်း ဟားမာ့စ်အဖွဲ့သည် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဆက်လက် ငြင်းဆိုနေသဖြင့် အစ္စရေးသည် ဂါဇာတွင် ဓားစာခံများ ပြန်လည် လွတ်မြောက်ရန်နှင့် ဟားမာ့စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းရန် စစ်ဆင်ရေးအား ဆက်လက် ဆင်နွှဲသွား မည်ဟု မေလ ၃၁ ရက်က ပြောကြားခဲ့သည်။
အမေရိကန်က ထောက်ခံထားသည့် ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တွင် ဂါဇာ၌ ဖမ်းဆီး ခံထားရဆဲဖြစ်သော ဓားစာခံ ၅၈ ဦးအနက် ၂၈ ဦးနှင့် အစ္စရေး အကျဉ်းထောင်များထဲမှာ အကျဉ်းချခံထားရသည့် ပါလက်စတိုင်း ၁၂၀၀ ကျော်ကို လဲလှယ်ရန် အဆိုပြုထားသည်။
အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်ကို တွေ့ရစဉ်
ဟားမာ့စ်အဖွဲ့ကမူ ၎င်းတို့ ဖမ်းဆီးထားသည် ဓားစာခံများအနက် သက်ရှိထင်ရှားရှိနေသည့် ဓားစာခံ ၁၀ ဦးနှင့် သေဆုံးသွားသော ဓားစာခံ ၁၈ ဦး၏ ရုပ်အလောင်းများကို ပြန်လည်လွှဲပြောင်း ပေးအပ်ရန် ဆန္ဒရှိကြောင်းနှင့် အပြန်အလှန်အနေဖြင့် အစ္စရေး အကျဉ်းထောင်အတွင်းမှ အကျည်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ သည်။
ထို့ပြင် စစ်ပွဲကို အဆုံးသတ်ရန်နှင့် ဂါဇာမှ အစ္စရေးစစ်သားများ ရုပ်သိမ်းရန်လည်း ထပ်မံတောင်းဆိုခဲ့ပြီး ထိုတောင်းဆိုချက်များကို အစ္စရေးက ငြင်းဆိုခဲ့သည်။
အစ္စရေးက ဟားမာ့စ်အဖွဲ့ကို အလုံးစုံ လက်နက်ဖျက်သိမ်းရန်၊ အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဖျက်သိမ်းရန်နှင့် ဓားစာခံ ၅၈ ဦးစလုံးကို ပြန်လည်လွှဲပြောင်းပေးအပ်ရန် တောင်းဆိုခဲ့သည်။
စစ်ပွဲအတွင်းက ဂါဇာဒေသကိုတွေ့ရစဉ်
အိမ်ဖြူတော်ကမူ အစ္စရေးသည် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ပါရှိသည့် သတ်မှတ်ချက် များကို သဘောတူကြောင်း မေလ ၂၉ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန် နီးစပ်နေပြီဟု ယူဆရကြောင်း ထရမ့်က မေလ ၃၀ ရက်က ပြောကြားခဲ့သည်။
ထို့ပြင် အစ္စရေးစစ်တပ်ကလည်း ဂါဇာရှိ ဟားမာ့စ်အဖွဲ့ခေါင်းဆောင် မိုဟာမက် ဆင်ဝါ (Mohammad Sinwar ) ကို မေလ ၁၃ ရက်က ချေမှုန်းနိုင်ခဲ့ကြောင်း မေလ ၃၁ ရက်က ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့ကမူ ဆင်ဝါ၏ သေဆုံးမှုကို အတည်ပြုခြင်း၊ ငြင်းဆိုခြင်းမရှိခဲ့ပေ။
Source: ရိုက်တာ