CNI International News

မော်စကို၊ ဇွန်လ ၂

ရုရှားသည် ယူကရိန်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် တောင်းဆိုချက်များကို အလျှော့မပေးဘဲ ယူကရိန်း အား ဒုံးကျည်များ၊ ဒရုန်းများဖြင့် ဆက်လက် တိုက်ခိုက်နေခြင်းသည် ရုရှားသမ္မတ ပူတင် (Vladimir Putin) ၏ တင်းမာသည့် သဘောထားကို ပြသရာရောက်နေကြောင်း အေပီမှ ဖော်ပြခဲ့သည်။

လက်ရှိ အခြေအနေများအရ ပူတင်သည် ၎င်း၏ တောင်းဆိုချက်များ၊ သတ်မှတ်ချက်များကို ယူကရိန်းဘက်က လက်မခံမချင်း ယူကရိန်းအား ဆက်လက် တိုက်ခိုက်မည်ဆိုသည့် သဘောထားကို ကမ္ဘာကသိအောင် ပြသနေ ခြင်းဖြစ်သည်ဟုလည်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ပူတင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ထိပ်တိုက်မတွေ့ဘဲ ထရမ့်၏ သံတမန်အားထုတ်မှုများကို ချီးကျူးခဲ့ကာ ရုရှားဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် လမ်းဖွင့် ထားကြောင်း ကြေညာခဲ့သည်။

၃ နှစ်ကြာ ဖြစ်ပွားနေသည့် ရုရှား-ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်ပေးမည်ဟု ကတိပေးခဲ့ဖူးသော ထရမ့်သည် ရုရှားကို ဖယ်ကြဉ်ထားသည့် အမေရိကန်၏ မူဝါဒကို အဆုံးသတ်ခဲ့ပြီး ပူတင်၊ ယူကရိန်းသမ္မတ ဇာလန်းစကီး ( Volodymyr Zelenskyy) တို့နှင့် သီးခြားစီ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယူကရိန်းနဲ့ရုရှား ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်

တစ်ချိန်တည်းမှာပင် ထရမ့်က ပူတင်သည် မိမိကို လာစနေကြောင်း သတိပေးခဲ့သလို အမေရိကန်၏ ငြိမ်းချမ်းရေး အဆိုပြုချက်များ အောင်မြင်ခြင်းမရှိပါက ရုရှားကို ပိတ်ဆို့မှုများ လုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

မကြာသေးမီ ရက်ပိုင်းကလည်း ထရမ့်သည် ပူတင်ကို စိတ်ရှည်သည်းခံမှု ကုန်ဆုံးကြောင်း ပြသသည့် အနေဖြင့် ပူတင်သည် ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်တင်နေသဖြင့် ရူးသွပ်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မော်စကိုအခြေစိုက် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် ဖယိုဒေါ် လူဂျာနော့ဗ် (Fyodor Lukyanov) ကမူ ပူတင်သည် ထရမ့်နှင့် စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲနေကြောင်း ပူတင်နှင့် ထရမ့်တို့သည် တစ်ယောက်အကြောင်းကို တစ်ယောက်က ကောင်းစွာ သိထားသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

အမေရိကန်သည် ပဋိပက္ခအပေါ် စိတ်ဝင်စားမှုနည်းပါးပြီး အမြန်ဖြေရှင်းရန်သာ ဆန္ဒရှိနေသည်ဟု ပူတင်က ယူဆထားကြောင်း လူဂျာနော့ဗ်က ပြောသည်။

သို့သော် ရုရှားအတွက်မူ ထိုပဋိပက္ခသည် အလွန်အရေးကြီးသဖြင့် ထိုကိစ္စကို စိတ်ဝင်စားမှု နည်းပါးသည့် အမေရိကန်ဘက်မှ နောက်ဆုံးတွင် အလျှော့ပေးရလိမ့်မည်ဟု ပူတင်က တွေးထင်ထားကြောင်း ၎င်းက သုံးသပ်ခဲ့သည်။

ယူကရိန်း၏ ဥရောပမဟာမိတ်များကမူ အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် ရုရှားကို ဖိအားပေးသည့် အနေဖြင့် ပိတ်ဆို့မှုများကို တိုးမြှင့်ချမှတ်ရန် ထရမ့်ကို တိုက်တွန်းလျက်ရှိသည်။

Source: အေပီ