CNI News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြန်မာ့တပ်မတော် အနေဖြင့် နယ်မြေ စိုးမိုးရေးများကို အဓိကလုပ်ဆောင်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ယခု မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တပ်မတော်ဘက်မှ ဆုံးရှုံးလိုက်ရမှုများသည် တစ်ခါမှ မကြုံဖူးသည့် အခင်းအကျင်း ဖြစ်သောကြောင့် လက်ရှိတွင် ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် စစ်‌ရေး အခင်းအကျင်းမှာ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး တပ်မ‌တော်ဘက်မှ ပြင်းထန်သည့် တုံ့ပြန်မှုများကို မြင်တွေ့ရနိုင်ဖွယ် ရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထုံးစံကတော့ ပါသွားတဲ့ နယ်မြေကို ပြန်တိုက်မှာပေါ့။ ဒါကတော့ ကန့်သတ်ချက်တွေတော့ အများကြီးရှိ တာပေါ့။ ရိက္ခာထောက်ပံ့ရေး အနေအထား၊ လက်နက်ခဲယမ်း သုံးစွဲနိုင်မှုအနေအထား ဒါတွေက ရှိသေးတဲ့ အခါကြ တော့ တစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ ဒီမိုကရေစီ ပြန်လည် ပေါ်ပေါက်ဖို့အတွက် ရွေးကောက်ပွဲကိုအဓိက လုပ်ဖို့အတွက် အဲဒီအတွက် လုံခြုံရေးပေါ့ နယ်မြေစိုးမိုးရေးကို အဓိကထားမှာပေါ့။ အဲဒါပြီးမှပဲ စစ်ဆင်ရေးလာမှာ ပေါ့နော်။ စစ်ရေး အခင်းအကျင်းက ပိုပြီးတော့ ဖြစ်လာနိုင်တာပေါ့။ အခုက ခံလိုက်ရတဲ့ အပိုင်းကလည်း ခံလိုက်ရ ပြီးပြီလေ။ ခံလိုက်ရတဲ့အပိုင်းကလည်း တပ်မတော်မှာ တစ်ခါမှာ မကြုံဖူးတဲ့ ရှက်ဖွယ်လိလိ။ ဒါကလည်း ဖွဲ့စည်းပုံ မှားတာတို့ ဘာတို့ပေါ့။ နောက်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ပြင်ဆင်မထားမိတာတွေရောပေါ့။ ဒါတွေ အားလုံး ကို လက်ရှိ တာဝန်ယူထားတဲ့လူတွေ တော်တော်များများက ပြင်ဆင်ပြီးပြီ။ အခု technology ပိုင်းအရ ဒရုန်းပညာ အငိုက်ခံလိုက်ရတာ။ ဒါတွေက ပြင်ဆင်ပြီးပြီဆိုတဲ့ အခါကြတော့ အရင်တုန်းက ကျရှုံးခဲ့မှုပေါ့။ ပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်အတွင်းက ဖြစ်ခဲ့တဲ့ဟာတွေကို အဖက်ဆယ်ဖို့ လုပ်လာမှာပဲ။ တစ်ဖက်ကလည်း လက်ရှိ ချမှတ်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မှန်တယ်၊ မှားတယ်ဆိုတာထက် လူအင်အားကလည်း ရလာမှာပဲ။ ရလာပြီဆိုရင် ပြန်ပြီးတော့ ပြင်းထန်တဲ့လက်ရှိအစိုးရရဲ့ တပ်မတော်ရဲ့ တုံ့ပြန်မှုကို တွေ့ရမှာပေါ့” ဟု ပြောသည်။

 ABSDF နဲ့ KIA ပူးပေါင်းတပ်ဖွဲ့ကိုတွေ့ရစဉ်

နစကဥက္ကဋ္ဌ အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု နိုင်ငံတကာကို အသိပေး ကတိပြုပြောကြားထားသည်။

ထို့ပြင် မေလ ၂၄ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ ဆောင်ရွက်မှုများကို သွားရောက်စစ်ဆေးခဲ့ရာတွင်လည်း တပ်များအလိုက် မိမိတို့ တာဝန်ယူထားရသည့် နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေး လုပ်ငန်းများအား အောင်မြင် အောင် လုပ်ဆောင်နိုင်ရန်လိုကြောင်း ပြောကြားခဲ့သည်။

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော် လုံခြုံရေးနှင့်ပတ်သက်လာပါက အစဉ်အမြဲ ဂရုပြုနေရန်နှင့် အလေးအနက်ထား ဆောင်ရွက်သွားရန် လိုကြောင်းလည်း ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၄ နှစ်ကျော် ရှိလာပြီဖြစ်သည်။

‌ထို့ကြောင့် ဒေသတစ်ခု၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးဆိုသည်မှာ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းများအရ ရေရှည် တည်တံ့ခိုင်မြဲရန်မှာ အခက်အခဲရှိကြောင်း၊ ပြည်ထောင်စုတွင် ငြိမ်းချမ်းရေးရှိမှသာ အားလုံးအဆင်ပြေမည့် လမ်းကြောင်းတစ်ခုကို သွားနိုင်မည်ဖြစ်ကြောင်း 7 EAOs Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “ကျနော်တို့ ပြောပြောနေကြ ပြည်ထောင်စုငြိမ်းချမ်းရေးရှိမှပဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲ နိုင်ပြီးတော့ အားလုံးအတွက် အဆင်ပြေမယ့် လမ်းကြောင်းတစ်ခုကို သွားနိုင်မှာဖြစ်ပါတယ်။ ဒေသတစ်ခုရဲ့ ငြိမ်းချမ်းရေး၊ ဒေသတစ်ခုရဲ့ တည်ငြိမ်ရေး ဆိုတာကတော့ နိုင်ငံရဲ့ သမိုင်းကြောင်း အခြေအနေအရ ရေရှည် တည်တံ့ခိုင်မြဲဖို့ အခက်အခဲရှိပါတယ်။ ဒါကြောင့်မို့လို့ စစ်ရေးအရပဲပြောပြော၊ နိုင်ငံရေးအရပဲပြောပြော ဒီ ၂ ခုက ဒွန်တွဲနေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ပြည်ထောင်စုရဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင် မှာသာလျှင် ဒေသတစ်ခုချင်းစီပဲဖြစ်ဖြစ် ၊ ပြည်နယ်တစ်ခုချင်းစီပဲဖြစ်ဖြစ် အဲဒီမှာရှိနေတဲ့ ပြည်သူလူထုတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ အဲဒါတွေကို ရေရှည်အကောင်အထည်ဖော် ဆောင်ရွက် နိုင်မယ့် လက်တွေ့ကြတဲ့ နည်းလမ်းဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် လက်နက်ကိုင်ပဋိပက္ခသည် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားနေခြင်းဖြစ်ကာ လူပေါင်း ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသလို နေအိမ်ပေါင်း သောင်းချီ မီးလောင် ပျက်စီးဆုံးရှုံးလျက်ရှိသည်။
အလားတူ မြန်မာ့တပ်မတော်သည် စစ်စခန်းပေါင်း ရာချီ လက်လွှတ်ထားရသလို မြို့ပေါင်း ၉၀ ကျော်ကိုလည်း လက်လွှတ်ထားရသည်။ 

ထို့ပြင် တရုတ်၏ ကြားဝင်စေ့စပ်ဖိအားပေးမှုများကြောင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အချို့နှင့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုများကို လုပ်ဆောင်လာနိုင်ခြင်းဖြစ်ကာ အဓိကကျသည့် နယ်မြေဖြစ်သည့် လားရှိုးကိုလည်း အုပ်ချုပ်မှု ပြန်လည်ရရှိထားနေခြင်းဖြစ်သည်။