CNI International News

ကိယက်ဗ်၊ ဇွန်လ ၃

ယူကရိန်းသည် ရုရှားနယ်နိမိတ် အတွင်းပိုင်းရှိ လေယာဉ်အစင်း ၄၀ ကျော်ကို ဒရုန်းများဖြင့် တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့သည်ဟု ယူကရိန်းထောက်လှမ်းရေးအဖွဲ့က ဇွန်လ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) ၏ ညွှန်ကြားချက်ဖြင့် ရုရှား၏ အတွင်းပိုင်းကို နက်ရှိုင်းစွာ ဝင်ရောက် တိုက်ခိုက်မှုဖြစ်ကြောင်း အမည်မဖော်လိုသည့် ယူကရိန်းစစ်တပ် အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ဇာလန်းစကီးကလည်း မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ထိုစစ်ဆင်ရေးအတွက် ဒရုန်းအစင်းရေ ၁၁၇ စင်းကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုစစ်ဆင်ရေးကို ရုရှား၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် FSB ၏ ဌာနချုပ်အနီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဇာလန်းစကီးက ပြောသည်။

စစ်ဆင်ရေးအတွင်း ကင်မရာများ တပ်ဆင်ထားသည့် ဒရုန်းများကို ရွှေ့ပြောင်းနိုင်သည့် သစ်သားအိမ်များအတွင်း ထားရှိခဲ့ပြီး ရုရှားသို့ လျှို့ဝှက်တင်သွင်းခဲ့ခြင်းဖြစ်ကာ လုပ်ငန်းစဉ်များသည် အလွန်ရှုပ်ထွေးခဲ့ကြောင်း စစ်တပ် သတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

ထို့နောက် မှန်ကန်သည့် အချိန်နှင့် မှန်ကန်သည့် အကွာအဝေးသို့ ရောက်ရှိချိန်တွင် ထရပ်ကားများပေါ်၌  တင်ထားသော သစ်သားအိမ်များ၏ ခေါင်မိုးများကို အဝေးထိန်း စနစ်ဖြင့်ဖွင့်ပြီး အိမ်များအတွင်းရှိ ဒရုန်းများအား လွှတ်တင်ကာ ရုရှားဗုံးကြဲလေယာဉ်များထံ ပျံသန်းသွား၍ တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ထိုသတင်းရင်း မြစ်က ပြောကြားခဲ့သည်။

ထိုဒရုန်းများသည် ဇွန်လ ၁ ရက် မွန်းလွဲပိုင်းက ရုရှား၏ စစ်လေယာဉ်ကွင်းတစ်ခုရှိ  A-50၊ Tu-95 နှင့် Tu-22M တို့ အပါအဝင် လေယာဉ် ၄၁ စင်းကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ရုရှားသည် ယခင်က ယူကရိန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ရန် Tupolev Tu-95 နှင့် Tu-22 ဗုံးကြဲလေယာဉ် များအား အသုံးပြုခဲ့သည်။

Web ဟု အမည်ပေးထားသော ထိုစစ်ဆင်ရေးအတွင်း ရုရှား၏ ဒုံးကျည်များ တင်ဆောင်နိုင်သည့် လေယာဉ်အုပ်စု ၏ ၃၄ ရာခိုင်နှုန်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ဆုံးရှုံးနစ်နာမှု တန်ဖိုးသည် ဒေါ်လာ ၇ ဘီလျံခန့်ရှိကြောင်း ယူကရိန်း ထောက်လှမ်းရေးအဖွဲ့က ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ယူကရိန်းနယ်စပ်နှင့် ကီလိုမီတာ ၄၀၀၀ (မိုင် ၂၅၀၀) အကွာရှိ အိရ်ကုစ် (Irkutsk) ဒေသရှိ လေတပ်စခန်း တိုက်ခိုက်ခံရပြီး လေယာဉ်များ ပျက်စီးခဲ့ကြောင်း အတည်ပြုခဲ့သည်။

Source: အေပီ