CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၂၇

ရုရှားသည် ဒရုန်းများကို တန်ပြန်ရန်အတွက် ခေတ်မီဆန်းပြားသည့် ကာကွယ်ရေးစနစ်တစ်ခုအား ဖန်တီးခဲ့ သည်ဟု Sputnik သတင်းဌာနမှ ဖော်ပြခဲ့သည်။

အဆိုပါစနစ်သည် တစ်ချိန်တည်းမှာပင် နည်းလမ်းပေါင်းစုံဖြင့် ဒရုန်းများကို ထောက်လှမ်းခြင်းနှင့် ဖျက်ဆီးခြင်း တို့ ပြုလုပ်နိုင်ကြောင်း ထိုစနစ်ကို တီထွင်သည့် LLC Stupor ကုမ္ပဏီ၏ ညွှန်ကြားရေးမှူး ဗလာဒီဆလက်ဗ် ကူစတာရက်ဗ် (Vladislav Kustarev) က ပြောကြားခဲ့သည်။

ရုရှားအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ Rosgvardiya ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ရုရှားအထူးတပ်ဖွဲ့များ၏ အသုံး ပြုသူများ၊ ကျွမ်းကျင်ပညာရှင်များ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး မိမိတို့အနေဖြင့် ရေဒါစခန်း၊ ရေဒီယိုကြိမ်နှုန်း စကန်ဖတ်စနစ်၊  ဒရုန်းထောက်လှမ်းရေးစခန်း၊ အခြေအနေနှင့်အညီ တန်ပြန်ဆောင်ရွက်ရေး အစီအစဉ်များကဲ့သို့ ဆန်းပြားခေတ်မီသည့် စနစ်များကို အခြေခံပြီး Stupor ကာကွယ်ရေးစနစ်ကို ထုတ်လုပ်ခဲ့ ကြောင်း ကူစတာရက်ဗ်က ပြောသည်။

Stupor စနစ်ကို တီထွင်သူများသည် ၎င်းတို့၏ ကိုယ်ပိုင်ဆော့ဖ်ဝဲများ၏ အကူအညီဖြင့် ထိုစနစ်အတွင်းသို့ အမျိုးအစားစုံလင်သည့် အခြေခံ သဘောတရားများကို ပေါင်းစပ်ထည့်သွင်းခဲ့သည်ဟု ၎င်းက ဆိုသည်။ 

ဒရုန်းကာကွယ်ရေးစနစ်ကို တွေ့ရစဉ်

ထိုလုပ်ဆောင်မှုများကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့်ပတ်သက်ပြီး မှားယွင်းသည့် သတိပေးချက်များ ထုတ်ပြန်မှုကို လျှော့ချစေရန်နှင့် ကြီးမားသည့် စွမ်းဆောင်ရည်အား ရရှိစေခဲ့သည်ဟုလည်း ကူစတာရက်ဗ်က ပြောသည်။

ဆော့ဖ်ဝဲ အစုအဖွဲ့အတွင်း အသိဉာဏ်အတုဟုခေါ်သည့် AI နည်းပညာကို ပေါင်းစပ်ထည့်သွင်းထားမှုကြောင့် Stupor စနစ်သည် ထိန်းချုပ်အသုံးပြုသူ မရှိဘဲနှင့်လည်း အလုပ်လုပ်နိုင်သည်။

ဒေတာများကို ဖုန်းထဲသို့ တိုက်ရိုက် Upload လုပ်နိုင်ခြင်း၊ မိမိတို့ စနစ်အတွင်း အခြား ထုတ်လုပ်သူများ၏ စက်ပစ္စည်းများနှင့် ပေါင်းစပ် အသုံးပြုနိုင်ခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်သည်ဟု ကူစတာရက်ဗ်က ပြောသည်။

ဒရုန်းကာကွယ်ရေးလက်နက်ကို တွေ့ရစဉ်

ရုရှား၏ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ၊ စစ်စခန်းများကို ယူကရိန်းက ဒရုန်းများဖြင့် တိုက်ခိုက် နေချိန်တွင် ယခုကဲ့သို့ ကာကွယ်ရေးစနစ်များသည် အလွန်အားထားရကြောင်း၊ စျေးပေါသည့် ဒရုန်းများကို စျေးကြီးသည့် လက်နက်ခဲယမ်းများဖြင့် ကြားဖြတ်ပစ်ချနေရသော အခြေအနေကိုလည်း လျှော့ချနိုင်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

လောင်စာနှင့် စွမ်းအင်စက်ရုံများတွင် ဒရုန်းများကို ထောက်လှမ်းပြီး တန်ပြန်ပစ်ချနိုင်သည့် စနစ်များကို ယခင် ကတည်းက တပ်ဆင်ထားသော်လည်း လက်တွေ့တွင် လူသားများ၏ မျက်လုံးဖြင့် မြင့်တွေ့ရန် ခက်ခဲ့သော ညအချိန် ဒရုန်းတိုက်ခိုက်မှုများကို တန်ပြန်ရန် ခက်ခဲခဲ့ကြောင်း ကူစတာရက်ဗ်က ပြောသည်။

ယခုတီထွင်ထားသည့် Stupor စနစ်သည် ဒရုန်းများ၏ အန္တရာယ်ကို ၃၆၀ ဒီဂရီအထိ သံကွန်ခြာဖြင့် အုပ်ထား သကဲ့သို့ အကာအကွယ် ပေးနိုင်လိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Source: Sputnik