CNI International News

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၆

ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲတွင် ယူကရိန်းအနေဖြင့် အောင်ပွဲရရှိလိမ့်မည်ဟု  ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး ( Volodymyr Zelensky) က ယူကရိန်း-ရုရှား (၂)နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သော ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်ဟု ဘီဘီစီမှ ဖော်ပြခဲ့သည်။

“ကျနော်တို့ ဘယ်သူကမှ ယူကရိန်းကို အဆုံးသတ်ခွင့်ပြုမှာ မဟုတ်ပါဘူး”ဟု ဇာလန်းစကီးက ကိယက်ဗ် (Kyiv) မြို့တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ 

ဇာလန်းစကီး၏ မိန့်ခွန်းပြောကြားမှုကို ထောက်ခံကြောင်း ပြသသည့် အနေဖြင့် အနောက်နိုင်ငံများမှ ခေါင်းဆောင်များက ကိယက်ဗ်သို့ လာရောက်ပြီး စုရုံးတွေ့ဆုံခဲ့ကြသည်။

မည်သည့် သာမန် ပုဂ္ဂိုလ်ကမျှ စစ်ပွဲကို အဆုံးမသတ်စေလိုကြောင်း၊ ယူကရိန်း၏ သတ်မှတ်ချက်များဖြင့်သာ စစ်ပွဲ ကို အဆုံးသတ်နိုင်ကြောင်း မစ္စတာ ဇာလန်းစကီးက ဖေဖော်ဝါရီ ၂၄ ရက် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ သည်။

“ကျနော်တို့ဟာ ဒီအတွက် တိုက်ခိုက်နေတာပါ။ ကျနော်တို့ရဲ့ အသက်တွေကိုပေးပြီး ရက်ပေါင်း ၇၃၀ လောက် တိုက်ခိုက်ခဲ့ပြီးပါပြီ။ ကျနော်တို့ဘဝတွေရဲ့ အကောင်းဆုံး နေ့ရက်မှာ ကျနော်တို့ အနိုင်ရရှိမှာပါ”ဟု ၎င်းက ပြော သည်။

ဇာလန်းစကီးကို အီတလီ၊ ဘယ်လ်ဂျီယံနှင့် ကနေဒါ ခေါင်းဆောင်များ အပါအဝင် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါလီယန် (Ursula von der Leyen) တို့ကပါ ကိယက်ဗ်မြို့တော်သို့ လာရောက်ပြီး ဝန်းရံခဲ့ကြ သည်။

ဇာလန်းစကီးနှင့် အနောက်နိုင်ငံ ခေါင်းဆောင်များသည် စစ်ပွဲအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ယူကရိန်းပြည်သူ များအတွက် လွမ်းသူပန်းခွေများ ချခဲ့သည်။ 

ယခင်နှစ်က ထိုကဲ့သို့ လွမ်းသူပန်းခွေချသည့် အခမ်းအနားကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) တက်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် အမေရိကန်အစိုးရ၏ ထိပ်သီးကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိသည်ကို တွေ့ရသည်။

ထိုနေ့ နှောင်းပိုင်းတွင် ကနေဒါ၊ အီတလီ၊ ဗြိတိန်နှင့် အမေရိကန်တို့ ပါဝင်သည့် စက်မှုထိပ်သီး ခုနစ်နိုင်ငံ (G-7) အဖွဲ့ကမူ ယူကရိန်းအား ကူညီထောက်ပံ့မှုများ ဆက်လက်ပေးရန်နှင့် ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ရန် ဗွီဒီယို ဆက်သွယ်မှုမှတဆင့် ပြုလုပ်သည့် အစည်းအဝေးတွင် ကတိပြုခဲ့ကြသည်။

Source: ဘီဘီစီ