CNI International News

ကဘူးလ်၊ ဇန်နဝါရီ ၂

အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော် ကဘူးလ် (Kabul)မြို့ရှိ စစ်တပ်လေဆိပ် အပြင်ဘက်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် လူသေဆုံးမှုတချို့ ရှိခဲ့သည်ဟု တာလီဘန်အာဏာပိုင်များက ပြောကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

တနင်္ဂနွေနေ့(ဇန်နဝါရီ ၁ ရက်)တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုတွင် လူတချို့ သေဆုံးခဲ့သည်ဟု အာဖဂန်နစ္စတန် ပြည်ထဲရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အဗ္ဗဒဲလ်နာဖီတာကော် (Abdul Nafi Takor)က ပြောကြားခဲ့သည်။

ထို့နောက် ပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။ သို့သော် ယခု တိုက်ခိုက်မှုနှင့် ပတ် သက်သည့် အခြေအနေများနှင့် မည်သည်ကို ပစ်မှတ်ထားသလဲ ဆိုခြင်းနှင့်ပတ်သက်၍ ပြောဆိုခဲ့ခြင်း မရှိပေ။

လေတပ်အနီး စစ်တပ်အင်အား အလုံးအရင်းရှိရာ ဧရိယာတစ်ဝိုက်တွင် တနင်္ဂနွေနေ့ မနက် ၈ နာရီမထိုးခင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အခင်းဖြစ်ရာ နေရာကို လုံခြုံရေးများ ရောက်ရှိလာခဲ့ပြီး လမ်းများကို ပိတ်ထားခဲ့ သည်ဟုလည်း သိရသည်။

ISKP အဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

ပေါက်ကွဲမှုတွင် လေဆိပ်၌ တာဝန်ထမ်းဆောင်နေသည့် အစ်ကိုဖြစ်သူ သေဆုံးခဲ့သည်ဟု ကဘူးလ် ဒေသခံတစ်ဦး က ပြောသည်။ အစ်ကိုနှင့်သူ၏ သူငယ်ချင်းများ လေဆိပ်အတွင်းသို့ ဝင်ရန် စစ်တပ်၏စစ်ဆေးမှုကို ခံယူရန် တန်းစီ စောင့်ဆိုင်းနေချိန်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။

ပေါက်ကွဲမှုတွင် သေဆုံးသူ အရေအတွက် များပြားနိုင်သည်။ လက်ရှိ အချိန်အထိ ထိုတိုက်ခိုက်မှုအပေါ် မည်သည့် အဖွဲ့အစည်းကမှ တာဝန်ခံခြင်းမျိုး မရှိသေးပေ။ သို့သော် IS အဖွဲ့နှင့် ဆက်စပ်နေသည့် ISKP အဖွဲ့သည် တာလီဘန်တို့ အာဖဂန်ကို ထိန်းချုပ်လိုက်ချိန်မှစ၍ တိုက်ခိုက်မှုများကို အရှိန်မြှင့်တင် ပြုလုပ်ခဲ့သည်။

၎င်းတို့သည် တာလီဘန် ကင်းအဖွဲ့များနှင့် ရှီးရိုက် လူမျိုးစုများကို အဓိက ပစ်မှတ်ထား၍ တိုက်ခိုက်လေ့ရှိသည်။

အာဖဂန်တွင် ပြီးခဲ့သည့် လကလည်း IS အဖွဲ့နှင့် ဆက်စပ်နေသည့် တိုက်ခိုက်ရေး သမားများကြောင့် တရုတ်နိုင်ငံ သား အနည်းဆုံး ငါးဦးခန့် သေဆုံးခဲ့ရသည်။ ကဘူးလ်မြို့ရှိ တရုတ်နိုင်ငံသားများကြား ထင်ရှားသော ဟိုတယ် တစ်ခုကို တိုက်ခိုက်ရေးသမားများက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တာလီဘန်များ အာဏာရရှိချိန် ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှ စတင်၍ အကြမ်းဖက်မှုများကြောင့် လူပေါင်းများစွာ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် တာလီဘန်များ လက်ထက် အာဖဂန်နိုင်ငံ၏ လုံံခြုံရေး အခြေအနေနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများလည်း ရှိလာသည်။

Source: အယ်ဂျာဇီးယား