CNI International News

အစလာမ္မာဘတ်၊ ဇန်နဝါရီ - ၂

နျူကလီးယား တပ်ဆင်ထားမှုနှင့် စက်ရုံများစာရင်းကို အစ္စလာမာဘတ်မြို့ရှိ အိန္ဒိယမစ်ရှင်အဖွဲ့သို့ လွှဲပြောင်း ပေးလိုက်ပြီဟု ပါကစ္စတန်အစိုးရက ထုတ်ပြန်ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

နျူကလီးယားပိုင်ရှင် အိမ်နီးချင်း ရန်ဘက် နှစ်နိုင်ငံကြား ဆယ်စုနှစ်ချီကြာအောင် တည်ရှိသော သဘောတူညီ ချက်အရ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယဘက်မှလည်း နယူးဒေလီရှိ ပါကစ္စတန်မစ်ရှင်အဖွဲ့ထံသို့ ၎င်းတို့၏ နျူကလီးယားစာရင်းကို ပေးအပ်ခဲ့သည် ဟု ပါကစ္စတန်နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ထိုစာရင်းများကို နှစ်စဉ် ဇန်နဝါရီ ၁ ရက်နေ့တိုင်း လဲလှယ်လေ့ရှိကြောင်း၊ ယင်းကို ၁၉၉၂ ခုနှစ် မှ စတင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယ၊ ပါကစ္စတန် အိမ်နီးချင်း နှစ်နိုင်ငံသည် သုံးကြိမ်တိုင်တိုင် စစ်ဖြစ်ပွားခဲ့ပြီး မကြာသေးခင် နှစ်များအတွင်း ကလည်း စစ်ရေးအရ တင်းမာမှုများစွာ ပေါ်ပေါက်ခဲ့သည်။ တနင်္ဂနွေနေ့ စာရင်း အပြန်အလှန် လဲလှယ်ခြင်းသည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး မရှိသလောက်နီးပါး ဆိုးရွားနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

 ပါကစ္စတန်ရဲ့နျူကလီးယားထိပ်ဖူးကိုတွေ့ရစဉ် (GETTY IMAGES)

ပါကစ္စတန်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံးသော နျူကလီးယား လက်နက် စမ်းသပ်မှုကို ၁၉၉၈ ခုနှစ်တွင် ပြုလုပ်ခဲ့ သည်။ ထိုအချိန်မှစ၍ ဆင့်ကဲ တိုးတက်လာမှုများကြောင့် လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံကဲ့သို့ပင် နျူကလီးယား တပ်ဆင်နိုင်သော ဒုံးကျည် အများအပြား ပိုင်ဆိုင်ထားပြီလည်း ဖြစ်သည်။

တနင်္ဂနွေနေ့ လဲလှယ်မှုတွင် နှစ်နိုင်ငံ အပြန်အလှန် ဖမ်းဆီးထားသော အကျဉ်းသား စာရင်းကို လဲလှယ်ခြင်းလည်း ပါဝင်သည်ဟု ပါကစ္စတန်သံရုံးက သီးခြားကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်ဘက်က ဖမ်းဆီးထားသော အိန္ဒိယအကျဉ်းသား ၇၀၅ ဦး စာရင်းကို အိန္ဒိယဘက်သို့ ပေးခဲ့ပြီး အိန္ဒိယ ဘက်ကလည်း ၎င်းတို့ ဖမ်းဆီးထားသည့် ပါကစ္စတန် အကျဉ်းသား ၄၃၄ ဦး စာရင်းအား ပြန်လည်ပေးအပ်ခဲ့ သည်ဟု သိရသည်။

ပါကစ္စတန်ဘက်မှ ဖမ်းဆီးထားသူများတွင် သာမန်ပြည်သူ ၅၁ ဦးနှင့် တံငါသည် ၆၅၄ ဦး ပါဝင်ပြီး အိန္ဒိယဘက်မှ ဖမ်းဆီးထားသူများတွင် သာမန် ပြည်သူ ၃၃၉ ဦးနှင့် တံငါသည် ၉၅ ဦးတို့ ပါဝင်သည်ဟုလည်း သိရသည်။

Source: အယ်ဂျာဇီးယား