CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် နစက အနေဖြင့် ဘက်ပေါင်းစုံကနေ ရှိသမျှတံခါးများအားလုံးဖွင့်ထားသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းတွင် အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးစေဖို့ တိုင်းရင်းသား ဒေသများ အပါအဝင် တစ်နိုင်ငံလုံး နေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်နေ ရှိကြောင်း၊ တိုင်းပြည်ကို မူလအခြေအနေအတိုင်း အေးချမ်းစေဖို့ ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောသည်။

၎င်းက “ ကျနော်တု့အားလုံး အတူတကွ လျှောက်လှမ်းချင်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ခိုင်မာစေရန်နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ယခု ရှိပြီး သားထက် ပိုမိုတဲ့ ပေါင်းစည်းညီညွတ်မှုများနဲ့ ရှေ့ကို ခရီးဆက်ရမှာပဲဖြစ်ပါတယ်။ အဲဒီလို ခရီးဆက်နိုင်အောင် လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဘက်ပေါင်းစုံကနေ ရှိသမျှတံခါးများ အားလုံး ဖွင့်လျက် လက် ကမ်းကြိုလျက်ရှိနေပါတယ်”ဟု ပြောသည်။

ဘက်ပေါင်းစုံ ရှိသမျှတံခါးများ အားလုံးဖွင့်ထားသည်ဆိုသည့်အထဲတွင် လက်ရှိနိုင်ငံရေး ပဋိပက္ခကို တွေ့ဆုံ ဆွေးနွေးသွားမည့် အခြေအနေ ပါ/မပါကိုတော့ သေချာထည့်သွင်းပြောသွားခြင်း မတွေ့ရပေ။

ထို့နောက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကာလမှာ ကမ္ဘာမှာ ဘာတွေဖြစ်ခဲ့သလဲဆိုသည့် နိုင်ငံတကာ အရေးအခင်း အချို့ကို မိမိတို့ ကြည့်ဖို့လိုအပ်မှာဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်မှာ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုအားလုံး ပိုမို သတိရှိရမည်ဖြစ်ကြောင်း၊ ထိုအခြေအနေများကို ကျော်လွှားနိုင်ဖို့ဆိုရင် ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသလို မိမိတို့အားလုံး စည်းလုံးစွာနှင့် ကျော်ဖြစ်ဖို့လိုမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

၎င်းက “ ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၇၅ နှစ်တာကာလအတွင်း နိုင်ငံနဲ့လူမျိုးအတွက် အကျိုးမပြုစေခဲ့တဲ့ အတွေးအခေါ် များနဲ့ လုပ်ဆောင်ချက်များကို ချန်ရစ်ခဲ့ပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြုသဘော ဆောင် ရွက်ချက်များကို မြန်မာစိတ် မွေးပြီးတော့ စည်းစည်းလုံးလုံး လုပ်ကိုင်သွားကြမယ်ဆိုရင် ကျနော်တို့ သွားချင်တဲ့ ပန်းတိုင်ကို မလွဲမသွေရောက်ရှိမှာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

 

၂၀၂၃ ခုနှစ်သည် မိမိတို့နိုင်ငံ လွတ်လပ်ရေးရတာ ၇၅ နှစ်ပြည့် စိန်ရတုတိုင်ခဲ့ပြီဖြစ်သလို တစ်နိုင်ငံလုံး အတိုင်း အတာအနေနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ခံစားဖို့ အစပျိုးသည့် နှစ်တစ်နှစ်ဖြစ် ကြောင်း၊ မြန်မာ့နိုင်ငံရေး အချိုးအကွေ့တစ်ခုမှာ သမိုင်းကောာင်းတစ်ခုကို ဖန်တီးနိုင်မည့် အခွင့်အရေးကောင်း တစ်ခုအား တိုင်းရင်းသားပြည်သူများ ပိုင်ဆိုင်ခွင့်ရသည့် နှစ်တစ်နှစ်ဖြစ်သည့်အတွက် ယခု အခွင့်အရေးကို အရ ယူနိုင်ဖို့ မျှော်လင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။