CNI International News

နယူးဒေလီ၊ ဧပြီ ၂၉

အိန္ဒိယနှင့် ပါကစ္စတန်စစ်သားများသည် အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသတွင် (၄)ရက် ဆက်တိုက်အဖြစ် ဧပြီ ၂၇ ရက် ညပိုင်းတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် နှစ်ဖက်ပြန်လည်ထိန်းသိမ်းရန် တရုတ်က တိုက်တွန်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

လူ ၂၆ ဦး သေဆုံးခဲ့သည့် ဧပြီ ၂၂ ရက် ကက်ရှ်မီးယားဒေသ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်အစိုးရ က ထိုတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

သို့သော်လည်း အိန္ဒိယက သံသယရှိသည့် စစ်သွေးကြွသုံးဦးတွင် နှစ်ဦးသည် ပါကစ္စတန်နိုင်ငံသားများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဧပြီ ၂၂ ရက် အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများက လူ ၂၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နောက် ပါကစ္စတန်သည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကို ထောက်ခံပေးနေကြောင်း အိန္ဒိယက စွပ်စွဲခဲ့သည်။

အင်ဒူမြစ်ကို တွေ့ရစဉ်

ပါကစ္စတန်ကမူ ငြင်းဆိုခဲ့ပြီး အိန္ဒိယ၏ လုပ်ဆောင်မှုများကို တုန့်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့် ထိုနှစ်နိုင်ငံသည် တစ်ဖက်နှင့်တစ်ဖက် ကန့်သတ်ချက် စီမံချက်များ ချခဲ့ပြီး အိန္ဒိယက အင်ဒူ (Indus) မြစ်ရေစာချုပ်ကို ဆိုင်းငံ့ခဲ့သည်။

ထို့နောက် ပါကစ္စတန်က အိန္ဒိယ၏ လေကြောင်းလိုင်းများကို ၎င်း၏လေပိုင်နက်တွင် ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့သည်။

ဧပြီ ၂၇ ရက် ညပိုင်းက ပါကစ္စတန်စစ်တပ်၏ စစ်စခန်းများသည် ထိန်းချုပ်ရေးစည်းမျဉ်းကို ကျော်ဖြတ်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု အိန္ဒိယစစ်တပ်က ကက်ရှ်မီးယားဒေသကို ပိုင်းခြားထားသည့် အမည်ခံ နယ်စပ်စည်းကို ရည်ညွှန်းပြောဆိုခဲ့သည်။

ထိုပစ်ခတ်မှုကို အိန္ဒိယစစ်သားများကလည်း လျင်မြန်ထိရောက်စွာ တုန့်ပြန်ခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်။

သို့သော် အသေးစိတ် အချက်အလက်များနှင့် သေဆုံးသူ အရေအတွက်ကို ထုတ်ပြန်ထားခြင်းမရှိပေ။

အိန္ဒိယက လုံခြုံရေးတင်းကြပ်ထားစဉ်

ပါကစ္စတန်စစ်တပ်ကမူ ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းမရှိပေ။

ကက်ရှ်မီးယားတွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယကာကွယ်ရေးတပ်ဖွဲ့က စစ်ရေးလေ့ကျင့်မှု အများအပြားကို လုပ်ဆောင်ခဲ့သည်။

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များဝင် ကက်ရှ်မီးယားဒေသတွင် နေအိမ် ၁၀၀၀ နီးပါးနှင့် တောအုပ်များတွင် ရှာဖွေမှုများ လုပ်ဆောင်ခဲ့ပြီးနောက် မေးခွန်းများ မေးမြန်းရန်အတွက် လူ ၅၀၀ ဝန်းကျင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နေအိမ် ၉ အိမ်ထက်မနည်း ဖျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ထပ်မံပြောကြားခဲ့သည်။

ပြည်နယ်ရှိ နိုင်ငံရေးခေါင်းဆောင်များက အကြမ်းဖက်မူဝါဒ တိုက်ဖျက်သည့် အစိုးရ၏ ဆောင်ရွက်ချက်များသည် အပြစ်မဲ့ပြည်သူများကို မထိခိုက်စေရန် ဂရုတစိုက် လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။

Source: ရိုက်တာ