CNI International News
နယူးဒေလီ၊ မေလ ၇
အိန္ဒိယနှင့်ပါကစ္စတန်ကြား စစ်ပွဲအငွေ့အသက်များ ထွက်ပေါ်နေချိန်၌ ကက်ရှ်မီးယားဒေသ၏ ခရီးသွားကဏ္ဍကို ပြန်လည်နာလန်ထူဖို့ အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းရဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသတွင် ပြီးခဲ့သည့်လက စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ခရီးသွား ၂၆ ဦး သေဆုံးခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အိန္ဒိယ၏ ကက်ရှ်မီးယားဒေသမှ ခရီးသွားများ ထွက်ပြေးသွားခဲ့ပြီးနောက် ကက်ရှ်မီးယားရှိ ဟိုတယ်များနှင့် တည်းခိုခန်းများသည် လျှော့စျေးကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ပေးခဲ့သည်။
ပါကစ္စတန်ဘက်ခြမ်းတွင်လည်း ကက်ရှ်မီးယားဒေသ၏ ခရီးသွားများ သွားရောက်သည့် နေရာကို သွားရောက်ခွင့် ပိတ်ပင်ထားသည်။
လှပသည့် နှင်းတောင်တန်းများနှင့် မဂိုအင်ပါယာခေတ်က နန်းဆန်သည့် ဥယျာဉ်များကြောင့် ခရီးသွားများကြား ထင်ရှားသော ကက်ရှ်မီးယားဒေသသည် ခရီးသွားကဏ္ဍအပေါ် အထူးအားထားမှီခိုခဲ့ရသည်။
ကက်ရှ်မီးယားဒေသမှာ လုံခြုံရေးကင်းလှည့်နေစဉ်
သို့သော် လက်ရှိအချိန်တွင် အိန္ဒိယနှင့် ပါကစ္စတန်ကြား ရန်လိုမှုများကြောင့် ခရီးသွားကဏ္ဍ ရပ်တန့်သွားခဲ့ပြီး ကက်ရှ်မီးယားဒေသ၏ နှစ်ဘက်စလုံးတွင် နေထိုင်နေရသည့် ဒေသခံများ၏ စားဝတ်နေရေးကို ခက်ခဲစေခဲ့သည်။
ပြီးခဲ့သည့်နှစ်ကမူ အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသကို ခရီးသွား ၃ သန်းကျော် လာရောက်ခဲ့ပြီး ပါကစ္စတန် ဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသကို ခရီးသွား ၁ သန်းခွဲကျော် လာရောက်ခဲ့သည်။
ဧပြီ ၂၂ ရက်က စစ်သွေးကြွများ၏ တိုက်ခိုက်မှု မဖြစ်ပွားမီ ယခုနှစ် အစောပိုင်းကလည်း ကက်ရှ်မီးယားဒေသရှိ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် အငှားကား ဝန်ဆောင်မှုများသည် ခရီးသွားများ၏ ဘွတ်ကင်များဖြင့် ပြည့်နေခဲ့ သည်။
သို့သော်လည်း လက်ရှိအချိန်တွင် ၎င်းတို့ဖွင့်ထားသည့် တည်းခိုခန်းများ၌ တည်းခိုရန် ဘွတ်ကင်တင်ထားသော ခရီးသွားအားလုံးသည် ၎င်းတို့၏ ဘွတ်ကင်များကို ပယ်ဖျက်သွားခဲ့ကြောင်း တည်းခိုခန်းလုပ်ငန်းကို လုပ်ကိုင်နေ သည့် ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။
နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထားကြသည့် အိန္ဒိယနှင့် ပါကစ္စတန်သည် ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်ရေး နှင့်ပတ်သက်ပြီး စစ်ပွဲနှစ်ပွဲ ဖြစ်ပွားခဲ့သည်။
Source: ရိုက်တာ