CNI International News

နယူးဒေလီ၊ မေလ ၁၆

အိန္ဒိယနှင့် ပါကစ္စတန်ကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရ က တရုတ်နှင့်တူရကီနိုင်ငံပိုင်မီဒီယာများ၏ X လူမှုမီဒီယာ အကောင့်များကို ပိတ်ပင်ခဲ့သည်ဟု DW သတင်းမှ ဖော်ပြခဲ့သည်။

မေလ ၁၄ ရက် မွန်းလွဲပိုင်းက အိန္ဒိယသည် တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီ၊ ကွန်မြူနစ်ပါတီ၏ Global Times သတင်းစာနှင့် တူရကီနိုင်ငံ၏ TRTWorld ရုပ်သံလိုင်းတို့၏ X အကောင့်များကို ပိတ်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်နှင့်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို  ပြည်ပမီဒီယာများက သတင်းအမှားများ ဖြန့်နေကြောင်း အိန္ဒိယက ပြောကြားခဲ့ပြီးနောက် အကောင့်များကို ပိတ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နှင့် အိန္ဒိယကြား ပြီးခဲ့သည့် သီတင်းပတ်က အပြန်အလှန် တိုက်ခိုက်ခဲ့ကြကာ စစ်ပွဲဖြစ်ပွားလုနီး အခြေအနေသို့ ရောက်ရှိခဲ့သည်။

သို့သော် အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် မေလ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ သည်။

X မှာ ဆင်ဟွာသတင်းဌာနကို ပိတ်ထားစဉ်

ကက်ရှ်မီးယားပဋိပက္ခ ဖြစ်ပွားခဲ့ချိန်ကတည်းက အိန္ဒိယအစိုးရသည် X လူမှုမီဒီယာ အကောင့်ပေါင်း ၈၀၀၀ ကို ပိတ်ပင်ခဲ့ကာ ပါကစ္စတန်နှင့်ဆက်နွှယ်သည့် အကြောင်းအရာများကို ဖယ်ရှားခဲ့သည်။

မေလ ၇ ရက်ကလည်း ပါကစ္စတန်လေတပ်သည် အိန္ဒိယတိုက်လေယာဉ်ကို ပစ်ချခဲ့သည်ဟု ရေးသားခဲ့သည့် တရုတ်၏ Global Times သတင်းစာကို အိန္ဒိယသံရုံးက သတိပေးခဲ့သည်။

တရုတ်နှင့် တူရကီတို့သည့် ပါကစ္စတန်၏ မဟာမိတ်များဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက် မှုများနှင့်ပတ်သက်ပြီး တူရကီက အိန္ဒိယကို ဝေဖန်ပြစ်တင်ခဲ့သည်။

တရုတ်ကလည်း တင်းမာမှုများကို ကြားဝင်စေ့စပ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ပါကစ္စတန်သည် မိမိတို့၏ မဟာမိတ်ဖြစ်ပြီး ဆက်ဆံရေးများကို ကာကွယ်သွားမည်ဟု ပြောကြားခဲ့သည။

ထို့ပြင် တရုတ်သည် ကက်ရှ်မီးယားဒေသ၏ နယ်မြေဒေသ အနည်းငယ်ကို အုပ်ချုပ်ထားပြီး အိန္ဒိယနှင့် နယ်နိမိတ် ပိုင်ဆိုင်မှုများ အငြင်းပွားနေသည်။

Source: DW