CNI International News

ရှန်ဟိုင်း၊ဇန်နဝါရီ ၂

တရုတ်လေယာဉ် တစ်စင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သော အမေရိကန်စစ်တပ် လေယာဉ်၏ ဖြစ်စဉ်မှာ နိုင်ငံတရား ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်းနှင့် တရုတ်လေယာဉ်မှူးများ၏ လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်စေကြောင်း တရုတ်ကာကွယ်ရေးဌာနက ပြောသည်။

ထိုဖြစ်ရပ်သည် အငြင်းပွားနေသော တောင်တရုတ် ရေပြင်တွင် ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်စစ်တပ် ဘက်ကလည်း ဒီဇင်ဘာ ၂၉ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်မှုတွင် တရုတ်ရေတပ်မှ J-11 ဂျက်တိုက်လေယာဉ် တစ်စင်းသည် ဒီဇင်ဘာ ၂၁ ရက်တွင် အမေရိကန် လေတပ်၏ RC-135 လေယာဉ်နှင့် ၃ မီတာအကွာသို့ ရောက်ရှိလာခဲ့ကြောင်း၊ ထို့ကြောင့် တိုက်မိခြင်းကို ရှောင်ရှား ရန် တိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြထားသည်။

 တရုတ်လေယာဉ်တစ်စီးကိုတွေ့ရစဉ် (Reuters)

သို့သော် ထိုဖော်ပြမှုက အလိမ်အညာတစ်ခုသာ ဖြစ်သည်ဟု တရုတ်က တုန့်ပြန်သည်။ တရုတ်၏တောင်ပိုင်း စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် တီယန်ဂျန်လီက စနေနေ့တွင် ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး တောင်တရုတ်ပင်လယ်တွင်းမှ အငြင်းပွားနေသော Paracel ကျွန်းများအနီးတွင် ဖြစ်ပွားခဲ့သော ကိစ္စအပေါ် အမေရိကန်ဘက်က လူများကို လှည့်စားခဲ့သည်ဟု ပြောသည်။

အမေရိကန် လေယာဉ်အနေဖြင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့ကြောင်း၊ တရုတ်ဘက်မှ ထပ်ခါတလဲလဲ ပြု လုပ်ခဲ့သော သတိပေးမှုကို မသိကျိုးကျွံပြုကာ တရုတ်လေယာဉ်၏ ဘေးကင်းရေးကို ထိခိုက်စေသည့် ချဉ်းကပ် မှုမျိုး လုပ်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

အမေရိကန်ဘက်က နိုင်ငံတကာ အသိုင်းအဝန်းက စောင့်ကြည့် လေ့လာသူတွေကို ဝေခွဲမရဖြစ်အောင် လုပ်ကာ ပြည်သူများ၏ အာရုံကိုလှည့်စားခဲ့သည်ဟုလည်း တီယန်က ပြောသည်။ ရေပြင်နှင့်လေပေါ်တွင် မတော်တဆမှု ဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်ရန် ရှေ့တန်းမှလေတပ်၊ ရေတပ် တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို ပိုမိုဂရုစိုက်ရန်၊ သက်ဆိုင်ရာ နိုင်ငံတကာဥပဒေနှင့် သဘောတူညီချက်များကို လိုက်နာရန် အမေရိကန်အစိုးရကို တောင်းဆိုသည် ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင် တစ်ခုလုံးကို၎င်းတို့ပိုင်နက်ဟုကြေညာထားသောကြောင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်း စသောနိုင်ငံများနှင့် ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုများ ရှိနေသည်။

Source:CNA