CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂

နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာသော တော်လှန်ရေး အဖွဲ့အစည်းများထဲမှ ပြည်သူ့ထောက်ခံမှုကို ရရှိ ထားပြီး တော်လှန်ရေးဆန်သော အဖွဲ့အစည်းအချို့နှင့် လက်တွဲသွားမည်ဟု ညီနောင်မဟာမိတ်(AA-MNDAA- TNLA)မှ ဇန်နဝါရီ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မြန်မာ့တပ်မတော်မှ အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီးနောက် ဖြစ်ပေါ်လာသော လက်ရှိ ပြည်တွင်းရေး၊ စစ်ရေး၊ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စစ်ဘေးဒဏ်သင့် ပြည်သူလူထု၏ ခံစားနေရသော ခံစားချက်များအား ထပ်တူ စာနာ နားလည်ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

၎င်းတို့က “မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော တော်လှန်ရေး အဖွဲ့အစည်းများထဲမှ ပြည်သူ့ထောက်ခံမှုကို ရရှိထားပြီး တော်လှန်ရေးဆန်သော အဖွဲ့အစည်းအချို့နှင့် လက်တွဲ ကာ မိမိတို့အားလုံးနှင့် မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားသော ဘုံရန်မှန်းချက် ပြည့်ဝစေရန်၊ လက်ရှိ အခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့် လုပ်ထိုက်သည်များကို ဆက်လက် လုပ်ဆောင်သွားမည်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

BPLA တပ်ဖွဲ့ကိုတွေ့ရစဉ်(BPLA-fb)

AA၊ MNDAA၊ TNLA တို့ ပြောသည့် တော်လှန်ရေးဆန်သည့် အဖွဲ့အစည်းဆိုသည်မှာ မည်သည့် အဖွဲ့အစည်းကို ရည်ညွန်းကြောင်း တိတိကျကျ မဖော်ပြထားပေ။ နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာသော အဖွဲ့အစည်းများ မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(LDF)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ဖြစ်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ်ကို တစိုက်မတ်မတ် တော်လှန်နေသည့် အဖွဲ့အစည်း ဖြစ် ကြောင်း၊ ‌တော်လှန်ရေးဆန်သော အဖွဲ့အစည်းနှင့် ပေါင်းစပ်မည်ဆိုခြင်းက ဖြစ်သင့်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ရဲ့ ဒီနေ့ တော်လှန်ရေး ဆန်တဲ့ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်မယ်၊ ဆောင်ရွက်မယ်ဆိုတာလည်း တကယ့် ဖြစ်သင့်ပါတယ်၊ တော်လှန်ရေးဆန်တဲ့ အဖွဲ့အစည်းတွေကို သူတို့အနေနဲ့ ဘယ်အဖွဲ့တွေကို သတ်မှတ် ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာကိုပဲ ကျနော်တို့ ကြည့်ရမှာပေါ့နော်၊ ဒါကလည်းပဲ တစ်စုံတစ်ရာ အတိုင်းအတာ အထိ တစ်ခုတော့ ဖြစ်လာနိုင်တယ်လို့ ကျနော်ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုအမေရိကန်က ချမှတ်ထား တဲ့ အကူအညီပေါ့နော်၊ အဲဒီအကူအညီ မျိုးကလည်း ဆက်စပ်နေတယ်လို့ ကျနော်ထင်တယ်၊ အဲဒီ ကွန်ယက် အကျိုးဆက်နဲ့လည်း ဒါက ဆက်စပ်ကောင်း၊ ဆက်စပ်နိုင်တယ်၊ တစ်ခါတည်း တွဲပြီးလုပ်နိုင်တဲ့ အခွင့်အရေးမျိုး လည်း ပါလာကောင်း ပါလာနိုင်တယ်၊ ဒါ‌ကြောင့် သူတို့အနေနဲ့ အင်အားကို မပြန့်သွားအောင် တစ်စုတစ်စည်း လုပ်ပြီးတော့ တော်လှန်ချင်တဲ့ သဘောလည်း ပါတယ်လို့ ယူဆတယ်” ဟု ပြောသည်။

တော်လှန်ရေးဆန်သည့် အဖွဲ့အစည်းဆိုသည်မှာ ၎င်းတို့ စံသတ်မှတ်ချက်နှင့် ဆိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း နွေဦးတော်လှန်ရေး အင်အားစုများနှင့် လိုအပ်သည်များကို ပူးပေါင်းမည် ဖြစ်သည့်အတွက် ကြိုဆိုကြောင်း နိုင်ငံ ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

TNLA တပ်ဖွဲ့ကိုတွေ့ရစဉ်

၎င်းက “တော်လှန်ရေးဆန်တဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားမယ်ဆိုတာကတော့ သူတို့က သူ့ရဲ့ သီးခြား အစီအစဉ်နဲ့ သီးခြားလုပ်ကိုင်နေတဲ့ အနေအထားတွေအောက်မှာ ဘယ်အဖွဲ့က တော်လှန်ရေးဆန်တယ်၊ ဘယ် အဖွဲ့က တော်လှန်ရေး မဆန်ဘူးဆိုတာ သူတို့ရဲ့ စံထားချက်နဲ့ သတ်မှတ်ချက်ကိုတော့ ကျနော်တို့လည်း အပြည့် အစုံ နားမလည်ပါဘူးခင်ဗျ၊ သို့သော် အခုက နွေဦးတော်လှန်ရေးမှာ လုပ်နေတဲ့ ဦးဆောင်နေတဲ့ NUG၊ CRPH စတဲ့ အဖွဲ့အစည်းတွေရဲ့ တိုက်ရိုက်ခေါင်း‌ဆောင်မှုကိုတော့ သူတို့ ခံယူမထားတာကို ကျ‌နော်တွေ့ရပါတယ်၊ အဲဒီတော့ သူတို့က ဘယ်သူတွေနဲ့ပေါင်းပြီး ဘယ်သူတွေနဲ့ မပေါင်းဘူးဆိုတာ‌တော့ ကျနော်တို့ အဓိပ္ပာယ်ဖွင့်ဖို့ ခက်ပါတယ်၊ လက်တွေ့ လှုပ်ရှားမှုကနေပဲ ကြည့်ပြီးတော့ ပြောဆိုရမယ်လို့ ယေဘူယျထင်ပါတယ်၊ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် နွေဦးတော်လှန်ရေး အင်အားစုတွေ အသိအမှတ်ပြုပြီးတော့ လိုအပ်တဲ့နေရာမှာ သူတို့ ပူးပေါင်း ပါဝင်မယ်ဆိုတဲ့ သဘောထားတွေ ဖော်ပြလာတဲ့အတွက်တော့ ကျနော်တို့ ကြိုဆိုရမယ်လို့ ကျနော်မြင်ပါတယ် ခင်ဗျ” ဟု ပြော သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲနေကြသည်။