CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၄

နွေဦးတော်လှန်ရေး ပေါ်ပေါက်လာရခြင်းမှာ မိမိတို့ မျိုးဆက်များ၏ အနာဂတ်အတွက်ကြောင့်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ယနေ့ (စက်တင်ဘာ ၂၄ ရက်) တွင် ဖွင့်လှစ်သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၏ ကြားကာလ အခြေခံပညာ အခမဲ့ အွန်လိုင်း စာသင်ကျောင်းဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာဇော်ဝေစိုးက “ပညာရေးဟာ တကယ်ကို လိုအပ်တယ်၊ ပညာရေးမရှိလို့ မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ခေါင်း ဆောင်တွေ‌ရော၊ ပါဝင်နေတဲ့ သူတွေ အားလုံးရော စောစောက မိဘတွေ၊ ကျောင်းသားတွေ အားလုံး အခုလို မျိုး ပါဝင်နေကြတာဟာ တကယ် တော့ အနာဂတ်အတွက် ဖြစ်ပါတယ်၊ ကျ‌နော်တို့ တိုင်းပြည်ရဲ့ အနာဂတ်၊ ပအိုဝ်း အမျိုးသားတွေရဲ့ အနာဂတ် အတွက် ဖြစ်တယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်၊ ဒီနေ့ တော်လှန်ရေး လုပ်နေ ရခြင်းက ဒါပါပဲ၊ ကျ‌နော်တို့ ဒီနေ့ နွေဦးတော်လှန်ရေး ပေါ်ပေါက်လာရခြင်းဟာ နွေဦးတော်လှန်‌ရေးမှာ ကျနော်တို့ တတွေ ပါဝင်နေကြခြင်း ဟာ၊ နွေဦးတော်လှန်ရေးမှာ CDM ဆရာတွေ၊ ဆရာမတွေ CDM ကျောင်းသားတွေ ပါဝင် နေကြခြင်းဟာ နိုင်ငံ့ရဲ့ အနာဂတ်အတွက် ကျနော်တို့ မျိုးဆက်တွေရဲ့ အနာဂတ်အတွက် ဖြစ်ပါတယ်၊ ဒီအနာဂတ် ဘယ်လိုနည်းနဲ့မှ စစ်အာဏာရှင်နဲ့ မကောင်းနိုင်ဘူးဆိုတာ ကျ‌နော်တို့တတွေ သိကြပြီးသား၊ ကြုံခဲ့ကြ ပြီးသား ဖြစ် ပါတယ်၊ နှစ်ပေါင်း များစွာလည်း ကြုံခဲ့ပြီးသား ဖြစ်ပါတယ်” ဟု ပြောသည်။

 ဒီမိုကရေစီအရေးတောင်းဆိုကြသူများနဲ့လုံခြုံရေးတပ်ဖွဲ့ ထိပ်တိုက်တွေ့ကြစဉ် (ဖရွန်းတီးယားမြန်မာ)

အဆိုပါ PNFC ၏ ကြားကာလအခြေခံပညာ အခမဲ့ အွန်လိုင်း စာသင်ကျောင်းဖွင့်ပွဲကို PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ NUG ၏ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ NUG ၏ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုး ထွန်း၊ NUG ၏ ပညာရေးဝန်ကြီးဌာနမှ ဆရာမ Ja Htoi Pan တို့ တက်ရောက်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံသားများအားလုံး အစဉ်အဆက် ခေါင်းမမော်နိုင်သည့် ပညာမတတ်သည့် သူများဖြစ်မှာ စိုးရိမ်သည့်အတွက် ယနေ့ တော်လှန်ရေးကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

PNFC ၏ ကြားကာလ အွန်လိုင်း ပညာသင်ကြားရေးမိတ်ဆက်

၎င်းက “အားလုံးသိတဲ့ အတိုင်းပဲ ကျနော်တို့ နိုင်ငံ၊ ကျနော်တို့ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပအိုဝ်း အမျိုးသားတွေ အပါအဝင် ကျနော်တို့တတွေ ကမ္ဘာနဲ့ ယှဉ်ရင် သိပ်ကို နောက်ကျနေခဲ့ကြရတယ်၊ အောက်ကျ နောက်ကျဖြစ်ခဲ့ရတယ်။ အဲဒါဟာ ဒီစစ်အာဏာရှင် အဆက်ဆက်ကြောင့်ပဲ ဖြစ်တယ်။ အခုထပ်ပြီး ဒီလိုမျိုး အောက်ကျ နောက်ကျ အဖြစ်မခံနိုင်တော့ဘူး။ ကျနော်တို့တတွေက ဒီဟာကို ဒီအချိန်မှာ မတော်လှန်ခဲ့ရင် ကျနော်တို့တတွေရဲ့ သားစဉ်မြေးဆက်၊ ကျနော်တို့ ပအိုဝ်းအမျိုးသားတွေ အပါအဝင် ဒီမှာမှီတင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ အားလုံး အစဉ်အဆက် ခေါင်းမမော်နိုင်တဲ့ ပညာမတတ်တဲ့ လူတွေ ဖြစ်ကုန်မှာကို စိုးရိမ်တဲ့ အတွက် အဖြစ်မခံနိုင်လို့ ဒီနေ့ တော်လှန်ရေး ကျနော်တို့ လုပ်နေတာ ဖြစ်ပါတယ်။ အားလုံးသိတဲ့ အတိုင်းပဲ ကျနော်တို့ဟာ ကမ္ဘာမှာ အဆင့်အနိမ့်ဆုံးနိုင်ငံ ၁၀ နိုင်ငံထဲကို ရောက်ရခြင်းဟာ ဒါကြောင့်ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မ‌တော်က အာဏာယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC) သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ခွန်မြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဖွဲ့စည်းထားသည့် အရပ်ဖက်အင်အားစု တစ်ရပ် ဖြစ်သည်။