CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁

မြန်မာ့ နွေဦးတော်လှန်ရေးကာလ ကြာရှည်လာတာနှင့်အမျှ လူထုသည် တော်လှန်ရေးမှာ အီလာတတ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ယနေ့ (အောက်တိုဘာ ၁၁ ရက်) တွင် ပြုလုပ်သည့် NUG ၏ ၇၁ ကြိမ်မြောက် အစည်းအဝေးမှာ ၎င်းက အထက်ပါ အတိုင်းပြောခဲ့ခြင်း ဖြစ်သည်။

ဒူဝါလရှီးလက “ မြန်မာ့နွေဦးတော်လှန်ရေးဟာ သိပ်မကြာခင် (၂) နှစ် ပြည့်တော့မှာဖြစ်တယ်။ အမျိုးသား ညီညွတ်ရေး အစိုးရဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးမှာ နိုင်ငံရေး ဦးဆောင်မှုနဲ့ စစ်ရေးဦးဆောင်မှု အခန်း ကဏ္ဍမှာ ရှိနေတယ်ဆိုတာ မမေ့ဖို့။ မပေါ့လျော့ကြဖို့။ တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ လူထုဟာ တော်လှန်ရေးမှာ အီလာတတ်တယ်၊ ညောင်းလာတတ်တယ်။ အမှတ်မထင် တစ်ဆစ်ချိုး ပြောင်းလဲသွား တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကို သတိထားပြီး သဘောထားကြီးကြီး အမြင်ကျယ်ကျယ် သတိရှိရှိနဲ့ ကျနော် တို့အားလုံး ရှေ့ဆက်ကြဖို့လိုတယ်”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့က NUG ၏ အစည်းအဝေးလုပ်နေစဉ်

လက်ရှိ အခြေအနေသည် မိမိတို့မှာ ဖြစ်နိုင်ခြေများ အများကြီးရှိကြောင်း၊ ထို့ကြောင့် အဆုံးအဖြတ် တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ရန် မိမိတို့အားလုံး ပြင်ဆင်ထားကြရမည်ဟု ပြောကြားလိုကြောင်း၊ အထူးသဖြင့် မဟာမိတ် စစ်ရေး တပ်ပေါင်းစုနှင့် စနစ်တကျ စီမံကွပ်ကဲကြရန် ၎င်းက ပြောသည်။

NUG က နွေဦးတော်လှန်ရေးသည် ၂၀၂၃ ခုနှစ်တွင် အဆုံးသတ် တိုက်ပွဲ ဆင်နွှဲမည်ဖြစ်ကြောင်း၊ မြို့နယ်ပေါင်း ၃၃၀ မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်းပေါင်း ၂၅၀ ကျော် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြောသည်။
သို့သော် ၂၀၂၃ ခုနှစ်၏ ဘယ်လ ဘယ်ရက်သည် အဆုံးသတ် တိုက်ပွဲကာလဟုကိုတော့ မပြောပေ။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် PDF၊ LDF (ဒေသခံကာကွယ်ရေးတပ်ဖွဲ့)၊ တိုင်းရင်းသား လက်နက်ကိုင်တချို့နှင့် မြန်မာ့တပ်မတော် ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။