CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀

စက်သုံးဆီ တင်သွင်းမည့် ကုမ္ပဏီများအတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဗဟိုဘဏ်က အမေရိကန် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ထုတ်ရောင်းပေးခဲ့ခြင်းကြောင့် ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီ ဝယ်ယူရ ခက်ခဲသည့် အခြေအနေသည် အတိုင်းအတာတစ်ခုအထိ ပြေလည်သွားမည်ဟု စီပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီများ ဝယ်ယူရာ၌ အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြပြီး စက်သုံးဆီပြတ်လပ်သည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့ သည်။

ထို့နောက် စက်သုံးဆီ တင်သွင်းမှုတွင် လိုအပ်သည့် နိုင်ငံခြားငွေကို အတိုင်းအတာတစ်ခုအထိ ဗဟိုဘဏ်၏ ငွေလဲလှယ်နှုန်းများဖြင့် ရောင်းချပေးနေသည်ဟု သိရသည်။

သို့သော်လည်း စက်သုံးဆီ ပြတ်လပ်မှုနှင့် အရောင်းဆိုင်များတွင် တန်းစီဝယ်ယူရသည့် စနစ်ကြီး ထပ်မံ မဖြစ်ပေါ် စေရန်အတွက် စက်သုံးဆီ တင်သွင်းသော လုပ်ငန်းရှင်များနှင့် နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ရိုးသားဖို့ လိုအပ် သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ကားများ စက်သုံးဆီ ထည့်နေကြစဉ်

၎င်းက “ဒေါ်လာ ၉ သန်း ရောင်းပေးတာပဲ သိတာလေ။ ဒီဇယ်အတွက်လား၊ ဓာတ်ဆီ အတွက်လားတော့ မသိဘူး။ အတိုင်းအတာ တစ်ခုအထိတော့ ရနေအုံးမှာပေါ့နော်။ ဆရာတို့ ကြားရတာတော့ ၃၅ ရာခိုင်နှုန်းကိုတော့ ဒေါ်လာ ရောင်းပေးတယ်။ ကျန်တာတော့ ၆၅ ရာခိုင်နှုန်းကို ကိုယ့်ဘာသာကိုယ်သွင်း အဲဒီလိုတော့ ကြားတယ်။ သူ့မှာရှိသ လောက် export သမားတွေဆီက ၆၅ / ၃၅ နဲ့ လဲလို့ရတဲ့ပိုက်ဆံ ဒီဘက်မှာလည်း ပြန်လဲပေးတာပေါ့ ဒါပဲရှိတာပဲ။ အတတ်နိုင်ဆုံးကတော့ လုပ်ငန်းရှင်တွေဘက်ကလည်း ရိုးသားဖို့လိုတယ်။ နိုင်ငံတော်ဘက်ကလည်း ယတိပြတ် လုပ်ဖို့ လိုတယ်။ နှစ်ဦးနှစ်ဖက် လုပ်မှပဲ ရမယ်။ မဟုတ်လို့ရှိရင်တော့ ဆီဆိုင်မှာ တန်းစီတဲ့ စနစ်ကြီးက ပြန်ပေါ် လာအုံးမှာ။ ဆီဆိုင် တန်စီတဲ့စနစ် ပြန်ပေါ်လာရင် ဆီလိုချင်တဲ့သူထက်စာရင် ပြန်ရောင်းစားဖို့ လူတန်းစား တစ်ရပ်ကလည်း ပြန်ပေါ်လာတယ်” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်၊ မွန်ပြည်နယ်နှင့် တချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ စက်သုံးဆီ ဝယ်ယူရာမှာ ပုံမှန်အတိုင်း ပြန်လည်ဝယ်ယူ၍ ရနေပြီဖြစ်သော်လည်း ဧရာဝတီတိုင်းဒေသကြီးမှာတော့ အကန့်အသတ်ဖြင့် ဝယ်ယူနေရပြီး စက်သုံးဆီ ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိနေပြီး ဒီဇယ် တစ်လီတာလျှင် ၄၀၀၀ ကျပ် ရှိသည်ဟု သိရသည်။

လယ်ယာလုပ်ငန်းအတွက် စက်သုံးဆီ ဝယ်ယူရာတွင် ထောက်ခံစာရှိမှသာ အဆင်ပြေကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ကားများ စက်သုံးဆီ ထည့်နေကြစဉ်

၎င်းက “ဟိုရက်ကတော့ နည်းနည်း ခက်ခဲသွားတယ်။ အခုလောလောဆယ်တော့ ပြန်ရနေပါတယ်။ မဆိုစ လောက်တော့ အခက်အခဲ ရှိသေးတယ်။ ဒါပေမယ့် ထောက်ခံစာပါရင်တော့ ဝယ်လို့ရတယ်ပေါ့ စိုက်ပျိုးရေး အတွက် အမှန်တကယ် လိုအပ်တဲ့သူတွေကို ဦးစားပေးရောင်းပေါ့။ တစ်ခါတလေကျ ပြတ်သွားတယ်။ တစ်ခါ တလေကျ ၅၀၀၀ ဖိုး ရောင်းတာရှိတယ်။ ၃၀၀၀ ဖိုး ရောင်းတာရှိတယ်။ ဆိုင်အစားစားပေါ့။ တချို့ဆိုင်တွေက ၃၀၀၀ ဖိုးရောင်းပေးတယ်။ တချို့ဆိုင်တွေက ၅၀၀၀ ဖိုး။ တချို့နေ့တွေမှာ ၅၀၀၀ ဖိုးရောင်းတယ်၊ တချို့နေ့တွေမှာ ၃၀၀၀ ဖိုးရောင်းတယ်။ ထောက်ခံစာပါရင် ဓာတ်ဆီဆို ၁ ဂါလံပေါ့၊ ဒီဇယ်ဆိုရင် တချို့ဆိုင်တွေလည်း ၁၀ ဂါလံ ပေးတယ်။ တချို့ဆိုင်တွေက ၅ ဂါလံပေးတယ်။ လောလောဆယ်တော့ ဟိုရက်ကထက်စာရင် နည်းနည်းတော် တယ်။ ဒါပေမယ့် တိုးနေရတုန်းပဲ” ဟု ပြောသည်။

ပြည်တွင်းအတွက် လိုအပ်သည့် စက်သုံးဆီကို စင်္ကာပူနိုင်ငံမှ တစ်လပျမ်းမျှ မက်ထရစ်တန် ၅ သန်းခန့် တင်သွင်း ဖြန့်ဖြူးပေးနေပြီး ယခုလအတွင်း ပြည်ပမှ ဆီတင်သင်္ဘော ၂၇ စီး ထပ်မံတင်သွင်းရန် ညှိနှိုင်းထားကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီထံမှ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီ ဈေးနှုန်းများသည် ရိုးရိုးဒီဇယ် တစ်လီတာလျှင်၂၁၈၅ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၂၄၀ ကျပ်၊ ၉၂ တစ်လီတာလျှင် ၂၄၄၅ ကျပ်နှင့် ၉၅ တစ်လီတာလျှင် ၂၅၄၅ ကျပ်ရှိသည်။
တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာတော့ ရန်ကုန်မြို့က စက်သုံးဆီ ဈေးနှုန်းများထက် ပိုမိုများပြား လျက်ရှိသည်။