CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀

ထိုင်းတွင် အမည်စာရင်း (Name list) ကို မြန်မာ ၉ သိန်းခန့် တင်သွင်းထားသော်လည်း CI စာအုပ်ပြုလုပ်ရာ၌ ဝင်ငွေခွန် ၆ လစာကိုပါ ပေးဆောင်ရမည်ဖြစ်သဖြင့် တရားမဝင်အဖြစ် ခံယူသွားမည့် သူများရှိနိုင်ကြောင်း အလုပ်သမားအ‌ရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအစိုးရက ပြီးခဲ့သည့် ဇူလိုင်လ၌ အထောက်အထားမဲ့များအား အမည်စာရင်း (Name list) တင်ခွင့်ပြုထား ခြင်းဖြစ်ပြီး ထိုအချိန်က မြန်မာဘက်မှ ဝင်ငွေခွန်ပေးဆောင်ရမည့်ကိစ္စများ မရှိသေးသဖြင့် တရားမဝင်ဖြစ်နေသူ မြန်မာရွှေ့ပြောင်းလုပ်သား အများအပြားက အလုပ်ရှင်များဖြင့် အမည်စာရင်း တင်သွင်းထားကြခြင်း ဖြစ်သည်။

ထိုအမည်စာရင်း တင်သွင်းထားသည့် မြန်မာ ၉ သိန်းခန့်အား မြန်မာအလုပ်သမားဝန်ကြီးဌာနမှ မကြာခင်တွင် CI စာအုပ် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သံရုံးမှ ထုတ်ပြန်ထားသော ဝင်ငွေခွန် ပေးဆောင်ရမည့်အထဲတွင် CI စာအုပ် ပြုလုပ်ပါကဆိုသည့် အချက်လည်း ပါဝင်သဖြင့် မဖြစ်မနေ ပေးဆောင်ရမည့်သဘောဖြစ်သည်ဟု ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

Name List လာတင်ကြသည့် ရွှေ့ပြောင်းလုပ်သားများ 

၎င်းက “Name list ကျထားတဲ့ အလုပ်သမားတွေအနေနဲ့ကလည်း ဒါကို မလုပ်ချင်တော့ဘူးဆိုရင် တစ်ဖက်မှာ သူ့ရဲ့ တရားဝင်မှုဆိုင်ရာ ကိစ္စရပ်က ပျက်ပြယ်ပြီ။ အလုပ်သမားတစ်ယောက်က ဒီလိုလက်မှတ်တွေ၊ အထောက် အထားတွေ ပြည့်စုံမှသာလျှင် လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ကိုင်လို့ရမယ်ဆိုတဲ့ ဥပဒေ ချမှတ်ထားတာရှိတယ်။ တစ်ဖက်မှာလည်း အခွန်တွေ စည်းကြပ်လာတာတွေရှိတယ်။ အလုပ်သမားတွေရဲ့အခက်အခဲကို ပြေလည်ဖြေရှင်း ဆောင်ရွက်ပေးတဲ့ ယန္တရားမရှိဘဲနဲ့ ပိုမိုခက်ခဲအောင် လုပ်လာတဲ့အပေါ်မှာ တရားဝင်မှုဆိုင်ရာပေါ်မှာ အပျက် အယွင်းခံပြီး မလုပ်တော့ဘူးလို့ ဆုံးဖြတ်ချက်ချမယ့် အနေအထားတွေရှိပါတယ်။ သူတို့က လုပ်ထားတဲ့ပုံစံက သက်တမ်းတိုးတဲ့ကိစ္စတွေ၊ visa ကိစ္စတွေ ပါလာတော့မှာကိုး နောက်ဆက်တွဲက” ဟု ပြောသည်။

သို့သော် မဖြစ်မနေ တရားဝင် အလုပ်လုပ်ကိုင်လိုသည့် ရွှေ့ပြောင်းလုပ်သားများလည်း ရှိသည့်အတွက်ကြောင့် အထောက်အထားပြုလုပ်ပြီး အခွန်ပေးဆောင်ကြမည့်သူများရှိကြောင်း အလုပ်သမားအ‌ရေး ဆောင်ရွက် နေသူများက ပြောသည်။

၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်ပွားပြီးနောက်တွင် CI စာအုပ်ပြုလုပ်ရာ၌ အဆင်မပြေမှု၊ ငွေကုန်ကြေးကျများမှုတို့ကြောင့် တရားမဝင်အဖြစ် ခံယူသွားကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ရှိခဲ့ဖူးကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက ထိုင်းနှင့် မြန်မာ ပူးပေါင်းလုပ်ဆောင်ထားကြသည့် CI စာအုပ်ပြုလုပ်ရသည့် လုပ်ငန်းစဉ်သည် လုပ်သားများအတွက် အကျိုးမရှိသောကြောင့် ၎င်းစနစ်အား ဖျက်သိမ်း သင့်ကြောင်း ထောက်ပြကြသည်။

Name List လာတင်ကြသည့် ရွှေ့ပြောင်းလုပ်သားများ 

Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က “အခု process ကလည်း သူတို့ ဆေးစစ် ရတာတွေရှိတယ်၊ Work Permit လုပ်ရတာတွေရှိတယ်၊ visa လုပ်ရတာတွေရှိတယ်။ ဒီ process ကို သူတို့ သွားနေကြတယ်။ ဒီ process ကို သွားနေတဲ့အခါမှာမှ အလုပ်သမားတွေမှာ ပိုက်ဆံမတတ်နိုင်လို့ မလုပ်ဘဲနဲ့ ကျန်နေတဲ့သူတွေ အများကြီးတွေ့ရတယ်။ တွေ့ရတဲ့အခါကြတော့ CI စာအုပ်ရဲ့ တကယ့် ကုန်ကျစရိတ်က ဥပဒေမှာ ၃၀၀ ပဲရှိတယ်၊ ၃၁၀ ဘတ်။ 7 Eleven က ပေးရတဲ့အခါဆိုတော့ ဝန်ဆောင်မှုအနေနဲ့ ၁၀ ဘတ် ယူတယ်။ တကယ်လက်တွေ့ကျကျ သွားမယ်ဆိုရင် အဲဒီ CI က သောင်းနဲ့ချီလို့ ပေးရတယ်။  ကျနော်တို့က ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် CI ဆိုတာကို မကြိုက်ဘူး။ CI မထုတ်ဘဲနဲ့ ထုတ်ချင်ရင် PJ ဖြစ်ဖြစ် အနီရောင် စာအုပ်ဖြစ်ဖြစ် ဆွဲလိုက်ပေါ့။ CI ဆိုတဲ့ process ကိုလည်း မသွားစေချင်ဘူး။ တကယ်လို့ လုပ်မယ်ဆိုရင် အနီရောင် ပတ်စပို့စာအုပ်ပေးလိုက် PJ” ဟု ၎င်းက ပြောသည်။

အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်ကို နိုင်ငံကူးလက်မှတ် အသစ်လဲခြင်း/သက်တမ်းတိုးခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ပြုလုပ်ခြင်း/ သက်တမ်းတိုးခြင်း/ လျှောက်ထားခြင်း၊ ကိုယ်စားလှယ်လွှဲစာ ပြုလုပ်ခြင်း၊ ထောက်ခံစာပြုလုပ်ခြင်း၊ အခွန်လာရောက်ပေးဆောင်ခြင်း၊ ပြည်ပ အလုပ် အကိုင်အလုပ်သမား သက်သေခံကတ်(OWIC) ပြုလုပ်ခြင်း၊ U-Turn လုပ်ငန်းစဉ်လျှောက်ထားခြင်းတို့ လာရောက် ပြုလုပ်ရာတွင် ပြသရမည်ဖြစ်သည်။