CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉

ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွှေကို တရားမဝင် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်တင်ပို့မှုများ လျော့ကျသွားကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

မြန်မာ့ရွှေကို အဓိကအားဖြင့် နယ်စပ်လမ်းကြောင်းမှတဆင့် အိန္ဒိယနိုင်ငံသို့ တရားမဝင် တင်ပို့လေ့ရှိနေသလို ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် တခြားသော နိုင်ငံများကိုလည်း တင်ပို့လေ့ရှိသည်။

လတ်တလောတွင် အိန္ဒိယနိုင်ငံသို့ သွားသည့် နယ်စပ်လမ်းကြောင်းသည် တည်ငြိမ်မှု မရှိသည့်အတွက် တရားမဝင် ရွှေတင်ပို့မှု အများအပြား ရပ်တန့်သွားသည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကကတော့ ပြည်တွင်းစစ်ကြောင့်မို့လို့၊ အဓိက နိုင်ငံခြားကို ထွက်တာက နယ်စပ်ကပဲ ထွက်တာလေ။ နယ်စပ်လမ်းကြောင်းတွေက အခုက အကုန်ပိတ်ထားတာကိုး။ အကုန်ပိတ်ထားတော့ ပို့စရာလမ်းကြောင်း မရှိဘူး။ လုံးလုံးမထွက်တော့တာ မဟုတ်ဘူး။ အရင်လို မထွက်တော့တာ နည်းသွားတာရှိတယ်။ အဓိကတော့ အိန္ဒိယဘက် ကို ထွက်တာ။ အခုက အိန္ဒိယလမ်းကြောင်း တစ်ခုလုံးက ကောင်းကောင်းမှ မကောင်းတာ။ ဘယ်ရွှေကုန်သည်မှ အဲဒီဘက်လမ်းကြောင်း မသွားဘူးလေ။ ပြီးတော့ ပိုဆိုးတာက ဆီအခက်အခဲ ရှိတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကုန်သည်ကြီး တော်တော်များများက ရပ်ကုန်တာပေါ့။ လမ်းကြောင်း အခြေအနေက တော်ရုံတန်ရုံ အရဲစွန့်သွားရဲ မှ ရမယ်။ ဘယ်သူမှ အဲဒီလောက်ကြီး အရဲမစွန့်ဘူး” ဟု ပြောသည်။

လက်နက်ကိုင်ထားသူများကို တွေ့ရစဉ်

နယ်စပ်ဖြတ်ကျော် တရားမဝင် ရွှေတင်ပို့မှုသည် ပုံမှန်ကာလများတွင် နေ့စဉ် ၁၀ ပိဿာနှင့်အထက် တင်ပို့မှု ရှိနိုင်သည်ဟု ခန့်မှန်းနေကြသည်။

လက်ရှိတွင် တရားမဝင် ရွှေတင်ပို့မှု ရပ်တန့်နေခြင်းကြောင့် ပြည်တွင်း၌ ရွှေကုန်ကြမ်း များပြားနေခြင်းပြီး ဈေးနှုန်း တည်ငြိမ်လျက်ရှိနေသည်။

သို့သော်လည်း ယခုဈေးနှုန်းထက် ဈေးနှုန်းကျဆင်းနိုင်ခြေ မရှိကြောင်း မန္တလေးမှ ရွှေကုန်သည် ဦးကျော်မင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပုံမှန်ဖြစ်သွားပြီဆိုရင်တော့ သက်ရောက်တယ်လို့ ပြောလို့မရဘူး။ ဒါပေမယ့် ပုံမှန်မဟုတ်တော့ဘူး အခု လိုမျိုး ပုံမှန်မသွားတော့ဘူးဆိုရင် ပြည်တွင်းမှာ ရွှေအိုင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ဘာလို့ ရွှေအိုင်တယ် လို့ ပြောလို့မရဘူးဆိုတော့ ဂိတ်တချို့မှာ အလုပ်မလုပ်တော့ဘူး။ နယ်စပ်မှ အထွက်မရှိတဲ့အတွက် ရွှေပြန်အိုင် တယ်။ အဲဒီတော့ ဈေးအေးတယ်။ ဒါပေမယ့် ဈေးအေးတော့ ကျလားဆိုတော့ မကျဘူး။ ဘာလို့မကျလဲဆိုတော့ အခု YGEA က ဒေါ်လာ ၃၀၀၀ ကျော်နဲ့ တရားဝင် ဈေးစဖွင့်လိုက်တော့ တရားဝင် အစိုးရဈေး ဖွင့်ပေးလိုက်တော့ ဈေးကျစရာအကြောင်းက ပိုဝေးသွားပြီ” ဟု ပြောသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကိုတွေ့ရစဉ်

ရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေပညာဒါနနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး သင်တန်းများကို လစဥ် ဖွင့်လာခြင်း ကြောင့် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်ခြင်း လုံးဝပျောက်ပြီး စျေးကွက်အတွင်း ရွှေစျေးကစားခြင်းလည်း ပပျောက်သွားသည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ပြောသည်။

သို့သော် ထိုသင်တန်းများကြောင့် တရားမဝင် ရွှေတင်ပို့မှု လျော့ကျသွားခြင်း မဟုတ်ကြောင်း၊ လမ်းကြောင်း အခက်အခဲကြောင့်သာ ခေတ္တ ရပ်နားသွားခြင်းဖြစ်ပြီး လမ်းကြောင်းအခြေအနေ ပြန်လည်ကောင်းမွန်ပါက တရားမဝင် ရွှေတင်ပို့မှုများ ရှိလာမည်ဟု ရွှေဈေးကွက် လေ့လာသူများက ထောက်ပြကြသည်။