CNI News

၂၀၂၃ ခုနှစ်၊ မေလ ၃၀

နိုင်ငံတော် အစိုးရမှ ပြည်ပသို့ ရွှေတင်ပို့မှု လုပ်ငန်းများအတွက် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း သတ်မှတ်ထား ခြင်းကို ဖြေလျှော့ပေးရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်မှ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြ တောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးကြည်စိန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ရွှေလုပ်ငန်းရှင်များအနေနဲ့ ကုန်ပစ္စည်း တင်ပို့ချိန်မှာ ကြိုတင် ပေး ဆောင်ရမှာ ဖြစ်သဖြင့် လုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲတွေ ရှိတယ်။ ကျနော်တို့ ရွှေတစ်ကျပ်သားကို ယနေ့ ပေါက်စျေးနဲ့ ထားပါ ၂၉ သိန်းပေါ့၊ ကျနော်တို့က 1 percent ဆိုရင် နှစ်သောင်းနဲ့ကိုးထောင်၊ 2 percent ဆိုရင် ငါးသောင်းအထက် ဖြစ်နေပြီ ရွှေတစ်ကျပ်သား ရွှေအတုံးအခဲကို ရောင်းဝယ်တဲ့ အချိန်မှာ အဲဒီလောက် အကျိုး အမြတ် မရှိဘူး။ အဲတော့ ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို နှစ်ချုပ်ဝင်ငွေခွန် အဖြစ်သာ ကောက်ခံဖို့အတွက် ကျနော်တို့ အကြံပြုထားတယ်” ဟု ပြောသည်။

ရွှေလာဝယ်သူများကို တွေ့ရစဉ်

ရွှေတင်ပို့သည့် လုပ်ငန်းရှင်များ၏ အမြတ်အစွန်းသည် တစ်ရာခိုင်နှုန်းပင် မပြည့်သဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အကောက်ခွန် ဦးစီးဌာနတို့မှ တင်ပို့သည့် ကုန်ပစ္စည်း၏ တန်ဖိုးအပေါ်တွင် ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင် နှုန်း သတ်မှတ်ထားခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ရွှေလုပ်ငန်းရှင် များက ပြောသည်။

ထို့ကြောင့် အစိုးရမှ ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းအား တင်ပို့ချိန်တွင် ပေးဆောင်ရမည့် အစား နှစ်ချုပ် ဝင်ငွေခွန် ကောက်ယူခြင်းဖြင့် ဆောင်ရွက်ပေးပါက လုပ်ငန်းများ ပိုမိုလုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

ရွှေဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်

ရွှေတင်သွင်းခြင်းနှင့် တင်ပို့ခြင်း လုပ်ငန်းစဥ်များအတွက် ရွှေအလေးချိန်နှင့် စံချိန်စံညွှန်း သတ်မှတ်မှု၊ ပြည်ပမှ တင်သွင်းမှုအတွက် ရွှေကို ၁၅ ရာခိုင်နှုန်း အကောက်ခွန် ပေးဆောင်ရခြင်းကို နှစ်ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ လက်ဝတ်ရတနာကို သုံးဆယ်ရာခိုင်နှုန်းအစား သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းဖြင့်လည်းကောင်း သတ်မှတ်ကောက် ခံပေးရန် တင်ပြထားကြောင်း သိရသည်။

ယခုအစိုးရအနေဖြင့် ရွှေနှင့် ငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်း ကြပ်မတ်ရေးလုပ်ငန်း ကော်မတီ ဖွဲ့စည်း ပြီး၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ ပြည်တွင်း ရွှေစျေးကွက် ဖွံ့ဖြိုးတိုးတက်စေရန် Gold Exchange Center ကိုလည်း ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။