CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃

ရွှေရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက ရွှေသိပ်သည်းဆ အလေးချိန်ကို ယခင်က ၁၉ ဒသမ ၂၅ ဂရမ်အစား ၁၆ ဒသမ ၃၂၉,၃၂၅ ဂရမ်ကို ပြောင်းလဲ အသုံးပြုရန်အတွက် သတ်မှတ်ခြင်းကြောင့် ရွှေဈေးကွက် အပြောင်းအလဲ ဖြစ်သွားနိုင်သည်ဟု ရွှေဈေးကွက်လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ပြည်တွင်းရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုအပ်သည့် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးသည့်နည်းဖြင့် ထိန်းနေသော်လည်း လက်ရှိ ပြောင်းလဲလိုက်သည့် ရွှေအလေးချိန်ကြောင့် ပြည်ပမှ ရွှေချိန်သည့်စက်များကို တင်သွင်းကြရမည်ဖြစ်၍ နိုင်ငံခြားငွေလိုအပ်ချက် ဖြစ်ပေါ်လာမည် ဖြစ်သည်။

ထို့ကြောင့် ရွှေဈေးနှုန်းအပေါ် သက်ရောက်မှု ဖြစ်သွားမည်ဟု ရွှေဈေးကွက်လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေဆိုင်ကို တွေ့ရစဉ်

၎င်းက “အဲဒီချိန်ခွင်က ကျနော်တို့ မြန်မာပြည်မှာ မရှိဘူးလေ။ နိုင်ငံခြားကနေ သွင်းရမှာ။ သွင်းရမှာဆိုတော့ ဒေါ်လာ အလုပ်ဖြစ်လာမယ်နဲ့တူတယ်။ ဒေါ်လာ အထွက်များသွားလိမ့်မယ် နိုင်ငံခြားကို။ အသစ်သွင်းမယ်ဆိုရင် သေချာပေါက် ဒီဟာက အကုန်လုံး နိုင်ငံခြားကနေ ပြန်ဝယ်ရမှာ ဒီချိန်ခွင်တွေက။ ဒေါ်လာနဲ့ ဝယ်ရမှာဖြစ်တဲ့ အတွက် နိုင်ငံခြားကို ဒေါ်လာအထွက်များသွားမှာလေ။ အထွက်များ လာမယ်ဆိုရင်တော့ သေချာပေါက် ဈေး အလှုပ်အခတ်က ပါလာတော့မှာ။ ဈေးကွက်ကို လှုံ့ဆော်မှု ဖြစ်သွားမယ်။ ဒါပေမယ့်လည်း အဲဒီလှုံ့ဆော်နေတာကို စောင့်နေတဲ့သူကလည်း တသီတတန်းကြီးရှိတယ်။ ဒီအခါမှာလည်း ထူးခြားမှု ရှိလာနိုင်တယ်။ ဈေးအလှုပ်အခတ် ဖြစ်လာအောင် လှုံ့ဆော်လိုက်တဲ့ လှုံ့ဆော်မှု ဖြစ်သွားမှာပေါ့။ ငြိမ်နေတဲ့ရေထဲကို ကျောက်ခဲပစ်ချလိုက်သလို လှိုင်း တွေက တဆင့်ပြီးတဆင့် ထလာမှာ” ဟု ပြောသည်။

ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ရွှေအလေးချိန်ကို ပြောင်းလဲခြင်းဖြစ်နိုင်ကြောင်း၊ ပြောင်းလဲလိုက်သည့် အလေးချိန်ကို လာမည့် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် စတင်ဆောင်ရွက်သွားမည်ဟု သိရသည်။

တစ်ကျပ်သားလျှင် ၂ ရွေးခန့် လျော့ကျသွားမည်ဖြစ်ပြီး လက်ရှိ ဝယ်ယူမည့် သူများအတွက် အဆင်ပြေသော်လည်း ယခင် ဝယ်ယူပြီးသူများ ပြန်လည်ရောင်းချရာတွင် အဆင်မပြေမှုများ ဖြစ်လာနိုင်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

 ရွှေဆိုင်ကို တွေ့ရစဉ်

၎င်းက “အခုမှ အသစ်ထပ်ဝယ်မယ်ဆိုရင် အဲဒီအလေးချိန်နဲ့ အခုမှ သူတို့ပြောတဲ့ဟာနဲ့ အသစ်ထပ်ဝယ်မယ် ဆိုရင် တော့ ပြဿနာမရှိဘူး။ ဒါပေမယ့် အရင်ဝယ်ထားပြီးသား သူတွေအနေနဲ့ ပြန်ရောင်းမယ်ဆိုရင်တော့ စကားတော့ ပြောရလိမ့်မယ်။ ပြောင်းသွားတဲ့ စံချိန်စံညွှန်း အတိုင်းပဲ လိုက်တွက်တော့မှာလေ။ ရွှေဈေးကတော့ တစ်ကျပ်သား ကို ၂ ရွေးလောက် သက်သာသွားလိမ့်မယ်။ အဲဒီအခါကျတော့ သက်သာသွားတာကို ဝယ်မယ့်သူတွေအတွက် ပြဿနာမရှိဘူး။ အရင်လူတွေ ရောင်းမယ့်သူတွေအတွက်တော့ ဆိုင်နဲ့တော့ နည်းနည်းစကားပြောရမယ်။ နားမလည်တဲ့သူတွေက နည်းနည်းများနေတဲ့ အခါကျတော့” ဟု ပြောသည်။

ရွှေအလေးချိန် ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် လက်ရှိ နိုင်ငံတစ်ဝှမ်း အသုံးပြုနေသည့် ဒီဂျစ်တယ် ချိန်ခွင် များအားလုံး အသစ်ပြန်လည် အသုံးပြုရမည်ဖြစ်ပြီး ပြည်ပမှ ဝယ်ယူတင်သွင်းရမည် ဖြစ်၍ တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် ချိန်ခွင်အလုံးရေး သိန်းနှင့်ချီ၍ တင်သွင်းရမည် ဖြစ်သည်။

ထို့ကြောင့် အမေရိကန်ဒေါ်လာ အမြောက်အများ လိုအပ်လာမည်ဖြစ်၍ ဒေါ်လာလိုအပ်ချက် ဖြစ်ပေါ်ကာ ငွေဈေး လည်း တက်လာနိုင်ကြောင်း တတ်သိနားလည်သူများက ထောက်ပြနေကြသည်။