CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၉

ပြည်တွင်း ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ခရီးသွားဝင်ရောက်မှု နည်းပါးခြင်း၊ ဟိုတယ်ဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်များပြားလာခြင်းများကြောင့် ဟိုတယ်လုပ်ငန်းကို ဆက်လက် မလုပ်ကိုင်လို၍ ပြန်လည်ရောင်းချ ခြင်းများ စံချိန်တင် မြင့်တက်လာကြောင်း ဟိုတယ်လုပ်ငန်း အသိုင်းအဝိုင်းမှ CNI သတင်းဌာနသို့ ပြောသည်။

ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက “ ပြည်ပကနေ ဝင်ရောက်မှုက တော်တော်လေးကို ကျဆင်းသွားတယ်။ နောက် ပြည်တွင်းခရီးသွားတွေအနေနဲ့က သင်္ကြန်ရယ်၊ သီတင်းကျွတ်ရယ်၊ ဒီဇင်ဘာရယ် အဲ့လေးလမှာ သွားနေကြတယ်။ အမြဲတမ်းသွားနေတာ မဟုတ်ဘူး။ ဥပမာ- ပုဂံက ဟိုတယ်တွေဆို အဲဒီအချိန်လေးကိုပဲ မျှော်ပြီး လုပ်နေကြတာလေ။ စိန်ခေါ်မှုက လျှပ်စစ်မီးက ပုံမှန်မရှိတဲ့အတွက် ဒီဇယ် generator တွေနဲ့ ran နေရတဲ့ဟာမျိုးတွေကျတော့ ကုန်ကျစရိတ်က အရမ်းထောင်းလာတာပေါ့။ အဲဒီလို အခြေအနေမျိုးတွေ ရှိတဲ့အခါကျတော့ ဟိုတယ်ပိုင်ရှင် တချို့ ကလည်း သူတို့ ဟိုတယ်ကို ဆက်ပြီးတော့ လည်ပတ်ဖို့ အခက်အခဲရှိလာတဲ့အခါကျ ရောင်းဖို့ကြိုးစားကြတဲ့ ဟာမျိုးတွေလည်း ရှိလာကြတာပေါ့” ဟု ပြောသည်။

Covid- 19 ဖြစ်ခဲ့သည့် နောက်ပိုင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများမှာ တုံ့ဆိုင်းလုနီးပါး ဖြစ်ခဲ့ပြီး ဟို တယ်လုပ်ငန်းများအတွက် ရေရှည်ရပ်တည်ရန် ခက်ခဲလာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် လျှပ်စစ်မီး ပုံမှန်မရရှိ သဖြင့် ဒီဇယ်စက်များကို အားကိုးလည်ပတ်နေရသကဲ့သို့ ၀န်ဆောင်မှုများအတွက်လည်း ကုန်စျေးနှုန်း ကြီးမြင့်မှု က လုပ်ငန်းဆက်လက်ရပ်တည်ရန် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာကြောင်း သိရသည်။

“ဟိုတယ်တွေ အများအားဖြင့် ဘဏ်ချေးငွေနဲ့ လည်ပတ်ကြတာ များတယ်။ ဘဏ်မှာ အပေါင်ပစ္စည်း ပေးပြီးတော့ ဘဏ်ချေးငွေနှင့်လုပ်ငန်း လည်ပတ်ကြတာများတဲ့အခါကျတော့ ဘဏ်အတိုးတွေ သူတို့ မပေးနိုင်၊ နောက်တော့ ခရီးသွားဧည့်သည် မရောက်လာတဲ့အတွက် သူတို့မှာပေးဖို့ ပိုက်ဆံ မရှိဘူး။ ဘဏ်က ရပ်ထားတာ မဟုတ်ဘူးလေ။ လုပ်ငန်းသာ ရပ်ထားရတာ။ ဘဏ်တိုးတွေ ပေးရတယ်။ တချို့ဟိုတယ်တွေဆိုရင် ဘဏ်ကို အတိုးမပေးနိုင်လို့ ဘဏ်ကို ရောင်းလိုက်ရတဲ့ဟာမျိုးတွေ၊ ပြီးတော့ အခြားလုပ်ငန်းရှင်တွေ အခြားအဖွဲ့အစည်းတွေကို ပေးချင်လို့ လျော့စျေးနဲ့ ရောင်းရတဲ့ဟာမျိုးတွေ။ ဟိုတလောက လွိုင်ကော်ကဆိုရင် သူ့ဟိုတယ်ဆို အများကြီးတန်တဲ့ အခါမှာ ရှစ်ထောင်နဲ့ရောင်းလိုက်ရတဲ့ အနေအထားတွေ ရှိတယ်” ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာ၀န်ရှိသူ တစ်ဦးက ပြောသည်။

ချောင်းသာကမ်းခြေရှိ ဟိုတယ်တစ်ခု၏ အလှ

လက်ရှိတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဟိုတယ်အလုံးပေါင်း ၃၀၀ ခန့် ရောင်းချရန် ကမ်းလှမ်း မှုများ ရှိနေပြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဟိုတယ်အလုံးပေါင်း ၁၀၀ ခန့် ရောင်းရန်ပြင်ဆင်ထားသည်ကို တွေ့ရသည်။ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ရှမ်းပြည်နယ် အင်းလေးဒေသတို့၌ ဟိုတယ် အရောင်းကမ်းလှမ်း မှု အများအပြားရှိနေခြင်း ဖြစ်သည်။

စျေးနှုန်းများအနေဖြင့် ဟိုတယ်အနေအထားအလိုက် 2 star, 3 star, 4 star များဖြစ်သောကြောင့် အနည်းဆုံး ကျပ်သိန်းပေါင်း ခြောက်သောင်းတန်မှ အများဆုံး ကျပ်သိန်းနှစ်သိန်းခွဲ၀န်းကျင်အထိ စျေးခေါ်ထားသည်ကို တွေ့ရသည်။

“အခု MHA က သူတို့ရဲ့ အသင်း၀င်ထားတဲ့ ဟိုတယ်တွေကို ပြန်လည်ပတ်နိုင်အောင်လို့ ဘဏ်တွေမှာ သူတို့က recommend နဲ့ပေါ့။ သူတို့ ပြန်လည်ပတ်ဖို့ ဒီချေးငွေလေး ပြန်ပေးဖို့။ ဒါပေမယ့် ဖြစ်တဲ့ပြဿနာက ဘာလဲဆို တော့ အစောပိုင်းမှာ ဘဏ်တွေမှာ လုပ်ငန်းရှင်တွေက အပေါင်ပစ္စည်းအနေနဲ့ ထားခဲ့ကြတာ။ နောက်တစ်ခေါက် ဒီဘဏ်တွေမှာ အပေါင်ပစ္စည်းက ပေးရင်၊ ပထမဘဏ်မှာ ပေးပြီးသွားပြီ။ ဂျာအေးကို သူ့အမေ ရိုက်သလို လည် နေတာ။ recommend မဟုတ်ဘူးပေါ့။ သူတို့အပေါင်ပစ္စည်းတွေ နောက်ဘဏ်တွေကို မပေးနိုင်တဲ့အခါကျတော့” ဟု ဟိုတယ်ခရီးမှ တာ၀န်ရှိသူက ဆက်ပြောသည်။

အချို့ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ခရီးသွားလုပ်ငန်းလျော့နည်းလာသည့် အ‌ခြေအနေကြောင့် ပြန်လည် ရောင်းချကြခြင်းဖြစ်ပြီး၊ စိုက်ပျိုးရေးလုပ်ငန်း၊ သွင်းအားစုလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများနှင့် အခြားနိုင်ငံရှိ ခရီးသွားလုပ်ငန်းများတွင် သွားရောက်ရင်းနှီးလုပ်ကိုင်နေခြင်းများလည်း ရှိနေသည်။