CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁

ခရီးသွားများ လာရောက်မှုမရှိသလောက် နည်းပါးလာသည့်အတွက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပုဂံဒေသရှိ ဟိုတယ်အချို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဟိုတယ်အချို့တို့ ပြန်လည်ရောင်းချလာနေကြကြောင်း သက်ဆိုင်ရာဒေသများရှိ ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် ခရီးသွားနည်းပါးပြီး လျှပ်စစ်မီးအချိန်မှန် မရရှိသော ပြဿနာများကြောင့် ဟိုတယ်လုပ်ငန်းများမှာ အရှုံးနှင့်သာရင်ဆိုင်နေရကာ ပိတ်ထားသည့် ဟိုတယ်များမှာ ယခင်ထက်များပြားလာကြောင်းလည်း ၎င်းတို့က ပြောသည်။

ပုဂံဒေသတွင် ရောင်းချရန် ပြင်ဆင်နေသည့် ဟိုတယ်များအား ဝယ်ယူရန် စိတ်ဝင်စားမှုများရှိကြသော်လည်း လာရောက် စုံစမ်းမေးမြန်းပြီးနောက် လက်ရှိအချိန်အထိ ပြန်မလာကြသေးကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ် က CNI သတင်းဌာနသို့ ပြောသည်။

“လက်တွေ့ဝယ်တာ ရောင်းတာတော့ သိပ်မရှိသေးပါဘူး။ မေးတဲ့သူတွေလည်းရှိတာပဲ။ ရောင်းချင်တဲ့သူတွေ လည်း ရှိတယ်။ လက်တွေ့တော့ ဝယ်သွားပြီလို့တော့ သိပ်မကြားဘူး။ ဝယ်ချင်တဲ့သူတွေကလည်း ရှိတယ် ဒါပေမယ့် မတည့်သေးတာပေါ့။  တော်တော်များများလည်း မလုပ်ကြတော့ပါဘူး။ ပိတ်ထားတဲ့ ဟိုတယ်တွေ လည်း အများကြီးရှိတယ်။ မလုပ်နိုင်တော့ပါဘူး။ ရေရှည်ဘယ်တောင့်ခံနိုင်မလဲ။ အခုက ၃ နှစ်တောင် ကျော်လာ ပြီ။ အမြတ်နဲ့အလုပ်လုပ်ရတာ တစ်ရက်မှမရှိဘူး။ နေ့တိုင်းအရှုံးနဲ့ချည်း အလုပ်လုပ်ရတာ။ လူ ၁၅၀၊ ၂၀၀ ထားတဲ့ ဟိုတယ်ကြီးတွေဆို လူ ၅၀၊ ၆၀ လောက်နဲ့ ဖြစ်အောင်လုပ်၊ ဒီရက်ဝယ်နိုင်ရင်တော့ ဈေးချိုတာပေါ့။ ပေါက်ဈေးထက် စာရင်တော့ ဈေးလျော့တာပေါ့။ ဝယ်တဲ့သူကလည်း သူတို့လည်းတွက်မှာပေါ့လေ။ ဒီခရီးသွားလုပ်ငန်း အလုပ် မဖြစ်တော့ကြ သူတို့လည်း တွက်မှာပေါ့” ၎င်းက ပြောသည်။

ယခုကဲ့သို့ ဟိုတယ်များအား ရောင်းချကြရာတွင် ကာလပေါက်ဈေးထက် နှုန်းထားလျှော့၍သာ ရောင်းချရသည့် အပြင် ဝယ်မည့် သူများဘက်မှလည်း ဈေးနှိမ်ကြကြောင်း သက်ဆိုင်ရာဒေသများရှိ ဟိုတယ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

လားရှိုးမြို့ရှိ အထပ်မြင့် ဟိုတယ်တစ်ခုကို ဝေဟင်ပေါ်မှ မြင်တွေ့ရစဉ်

တိုက်ပွဲများဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း စီးပွားရေးများ ပြန်မလည်ပတ်နိုင်သေးသည့် အတွက် ဟိုတယ်များအား ရောင်းချလာသူများရှိသကဲ့သို့ ‌ရောင်းချရန်အတွက် ဈေးနှုန်းကပ်ထားသည့် ဟိုတယ် များလည်း ရှိကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုတယ်လုပ်ငန်း ရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ဟိုတယ်များအား ဝယ်ယူရန်အတွက် သီးသန့် စောင့်ကြည့်နေသူ များပြားကြောင်းလည်း ၎င်းက ပြောသည်။

“တချို့လည်း ဒီမှာ လာလေ့လာတဲ့သူတွေတော့ ရှိပါတယ်။ လားရှိုးမှာတော့ လောလောဆယ်ပေါ့။ ဟိုတယ် ဝယ်ဖို့ရော၊ တခြား invest လုပ်မယ့် လုပ်ငန်းတွေရော လာလေ့လာတဲ့သူတွေ ဒီရက်ပိုင်းထဲမှာတွေ့ရပါတယ်။ ကျနော်တို့ လားရှိုးကတော့ အခုအချိန်မှာဈေးကောင်းရဖို့က မလွယ်ဘူးပေါ့။ ကြိုက်ရောင်း၊ ကြိုက်ဝယ်ပေါ့။ တချို့ကြတော့လည်း နေရာလေးကကောင်းတယ်၊ လုပ်ငန်းလေးကလည်း ကောင်းတယ်ဆိုရင်တော့ ကိုယ်ခေါ်တဲ့ ဈေးလေး ရသွားတာတွေရှိသလို တချို့ကြတော့လည်း မရနိုင်ဘူးပေါ့။ အခုအနေအထားကတော့ အရောင်းအဝယ် တအားကြီးဖြစ်တဲ့အချိန်တော့ မဟုတ်ဘူး။ အရောင်းအဝယ်တော်တော် ပါးနေတဲ့အချိန်ဖြစ်တယ်။ ဒီအချိန် မှာတော့ လားရှိုးကို ဝယ်ဖို့ သီးသန့်စောင့်ကြည့်နေတဲ့သူများပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍသည် ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်မှ စတင်ကာ ကျဆင်းသွား ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက် ၂၀၂၂ ခုနှစ်တွင် အနည်းငယ် ပြန်လည် တိုးတက်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ၂၀၂၃ ခုနှစ်တွင် ဒေသအများအပြား၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခြင်း၊ လမ်းပန်းဆက်သွယ်ရေးတွင် စစ်ဆေးမေးမြန်းမှု ပိုမိုများပြားလာခြင်း၊ လျှပ်စစ်မီးရရှိမှု မမှန်ကန်သဖြင့် ဟိုတယ်များမှ အခန်းခ ပိုတိုးလာခြင်း တို့ကြောင့် ခရီးသွားများမှာ မရှိသလောက် နည်းပါးသွားခြင်းဖြစ်သည်။

လက်ရှိတွင် ဘက်ပေါင်းစုံမှ အနေအထားများအရ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍသည် တိုးတက်မှုနှုန်းထား တစ်ခုသို့ ရောက်ရှိရန်မှာ မလွယ်ကူသေးကြောင်းလည်း ဟိုတယ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။