CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂

ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေ ခြင်းကြောင့် မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးဖြစ်သည့် လွယ်ဂျယ် - လားရင်း နယ်စပ်ကုန်သွယ်ရေး ရပ်တန့် သွားပြီဖြစ်ကြောင်း ကုန်ကားသမားများက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်းက စတင်ပြီး ကချင်ပြည်နယ် ဗန်းမော်နှင့် လွယ်ဂျယ် လမ်းကြောင်းတစ်လျှောက်မှာ KIA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားနေပြီး ကုန်တင်ကားများ မကြာခဏ ပိတ်မိ လျက်ရှိသည်။

ထို့နောက် မတ်လ ၂၅ ရက်နေ့မှ စတင်၍ လွယ်ဂျယ်သို့ ကုန်တင်ကားများ သွားလာရန် အဆင်မပြေတော့ကြောင်း၊ တရုတ်နိုင်ငံဘက်မှလည်း နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်ကို ပိတ်လိုက်ပြီဖြစ်ကြောင်း၊ လက်ရှိတွင် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးသည် ရပ်တန့်သွားပြီ ဖြစ်သည်ဟု လွယ်ဂျယ်ကုန်ကားသမား ကိုအောင်ဇင်က CNI သတင်း ဌာနသို့ ပြောသည်။

လွယ်ဂျယ်မြို့မုခ်ဦးမှာ KIA တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “လွယ်ဂျယ်လမ်းကတော့ ပိတ်ထားတယ်။ ဗန်းမော်ကနေ လွယ်ဂျယ်ကို သွားလို့မရဘူး။ ပိတ်မိနေတဲ့ကား တွေက အင်ဘာဘာ(လမ်း) ဘက်ကနေပဲ လှည့်ပြီးတော့ ပြန်ခဲ့ကြရတာ။ ဒီကနေ အတက်ကားတော့ လောလော ဆယ် ပိတ်ထားတယ်။ လွယ်ဂျယ်ကနေ အင်ဘာဘာ(လမ်း)ဘက်ကနေ မံစီဘက်ကို ပြန်လှည့်ကြရတာ။ ကားတွေ အကုန်လုံးနီးပါး ပြန်လှည့်ရတာ။ အခု အတက်ကားတွေတော့ မရှိဘူး။ အဆင်းကားတွေပဲ ရှိတယ်။ ရပ်ကို ရပ်သွား တဲ့သဘောပဲ။ မြန်မာဘက်က အလုပ်လုပ်နေတဲ့ ကာစတန်တွေရော၊ ဘာတွေရော အကုန်လုံးက မရှိတော့ဘူး ဖြစ်သွားပြီပေါ့” ဟု ပြောသည်။

လက်ရှိတွင် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားခြင်းကြောင့် တရုတ်နိုင်ငံအတွင်းမှာ မြန်မာကုန်ကား အစီးရေ ၁၀၀ ကျော် ပိတ်မိနေခဲ့သည်ဟု လွယ်ဂျယ်ကုန်ကားသမား ကိုထွန်းနိုင်က CNI သတင်းဌာနသို့ ပြော သည်။

 ကုန်တင်ကားများကို တွေ့ရစဉ်

၎င်းက “ကျနော်တို့ အခုလောလောဆယ် လက်ရှိကတော့ ဘာမှလုပ်လို့ မရသေးပါဘူး။ အကုန်လုံးကတော့ မန္တလေး ပြန်ကြတဲ့ကားတွေ ပြန်ကြပေါ့။ ကုန်တင်ထားပြီးသားကားတွေ တော်တော်များများ သူတို့ ကုန်ပြန် ချခိုင်းတယ်။ သူတို့ရဲ့ ဆိုင်ရာဆိုင်ရာ ကုန်သည်တွေဆီကိုပဲ ပြန်အပ်ကြတယ်။ တရုတ်ပြည်ထဲမှာလည်း ပိတ်မိနေ တဲ့ကားတွေ ပိတ်မိနေတာပဲ။ တရုတ်ပြည်ဘက်ကလည်း ဟိုနေ့ကစပြီးတော့ တရုတ်ပြည်ပေါက်က ပိတ်လိုက် တော့ အဲဒီထဲမှာလည်း မြန်မာပြည်က ကားတွေအကုန်လုံးက ပိတ်မိနေတာ။ တရုတ်ပြည်ထဲမှာလည်း အစီးရေ ၁၀၀ ကျော်၊ ၂၀၀ လောက်တော့ရှိမယ်  ပိတ်မိနေတာ။ သူတို့တွေက တရုတ်က ပိတ်လိုက်တော့ ကားတွေ ပြန်မထုတ်ပေးဘူးပေါ့” ဟု ပြောသည်။

လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမှ တဆင့် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော၊ ဖရဲ၊ ရွှေဖရုံသီး စသည့် ဒေသထွက် သစ်သီးဝလံများကို တင်ပို့လျက်ရှိနေသလို တရုတ်နိုင်ငံဘက်မှ အိမ်ဆောက်ပစ္စည်း၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ မော်တော်ကားသုံး ပစ္စည်းနှင့် လူသုံးကုန်တို့ကို တင်သွင်းလျက်ရှိသည်။