CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့(ကချင်ပြည်နယ်)ရှိ မုန်လိုင်ခတ် ဒုက္ခသည် စခန်းအနီးမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့ ညပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ၂၉ ဦး သေဆုံးပြီး ၅၆ ဦး ဒဏ်ရာရ၍ ၄၁ ဦး ဆေးကုသမှု ခံယူနေရကြောင်း KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

၎င်းက “မနေ့က ၁၁ နာရီ ၂၅ မိနစ်လောက်မှာ စစ်ကောင်စီဘက်ကနေ ဗုံးလာကြဲတဲ့ အခြေအနေဖြစ်ပါတယ်။ လေယာဉ်ပျံသန်းနေတဲ့အသံတော့ မကြားဘူး။ ဒရုန်းနဲ့များ ပစ်တာလားလို့ သုံးသပ်နေပါတယ်။ အခုထက်ထိ ကတော့ သေသွားတဲ့အလောင်းက ၂၉ လောင်း တွေ့ရပါတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ ၅၆ ယောက်ရှိပြီး ဆေးဝါးကုသမှုခံနေရတာကတော့ ၄၄ ယောက်ရှိပါတယ်။ သေသွားတဲ့သူတွေထဲမှာ ကလေးတွေ လူကြီးတွေ လည်း ပါပါတယ်။ ဒါပေမဲ့ တိတိကျကျခွဲခြားလို့ကတော့ မရသေးဘူး။ အခုထိ ရှာနေတုန်းပဲ ဖြစ်ပါတယ်”ဟု Myanmar Now နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

KIA မှ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီးနော်ဘူကိုတွေ့ရစဉ်

မုန်လိုင်ခတ် ဒုက္ခသည် စခန်း ပေါက်ကွဲမှုကို မိမိတို့ အနေဖြင့် စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ ဒုက္ခသည် စခန်းကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်း မရှိသလို တိုက်ခိုက်ခဲ့ခြင်းလည်း မရှိကြောင်း၊ KIA ၏ ဒရုန်းဗုံး သိုလှောင်သည့် နေရာ ပေါက်ကွဲမှုကြောင့် ဖြစ်နိုင်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့တွင် သတင်း ထုတ်ပြန် ပြောကြားခဲ့သည်။

၎င်းက “ ဒီလိုင်ဇာသတင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ အနေနဲ့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ ကျနော်တို့က နယ် စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အမြဲတမ်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိတယ်။ ဒီနယ်စပ်ဒေသနဲ့ နီးတဲ့ နေရာ မှာ ကျနော်တို့ ညသန်းခေါင် အချိန်လောက်ကြီးမှာ ဗုံးကြဲတိုက်ခိုက်တယ်လို့၊ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်လို့ ပြော တယ်ဆိုတာ ဖြစ်နိုင်မလားဆိုတာ စဉ်းစားစေချင်ပါတယ်။ တပ်မတော် အနေနဲ့ကတော့ မည်သည့် ဌာနချုပ် မဆို ပစ်ခတ်နိုင်တယ်၊ တိုက်ခိုက်နိုင်တယ်။ သို့သော် ကျနော်တို့ ပစ်ခတ်တိုက်ခိုက်မှုမရှိခဲ့ ဘူး။ အဲ့ အဖွဲ့အစည်း ကိုယ် တိုင် သတင်း အမျိုးမျိုး ပြောနေတာရှိတယ်။ စစ်တပ်က လေယာဉ်နဲ့ပစ်ခတ်တယ်။ တချို့လည်း လက်နက် ကြီးနဲ့ ပစ်ခတ်တယ်ဆိုတာမျိုး မတိမကျ မရေမရာ ပြောနေတာရှိတယ်။ ကျနော် အတိအကျ ပြောနိုင်တာတစ်ခုက တော့ အခု ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာသည် KIA အနေနဲ့ UAV တွေ သုံးပြီးတော့ မောင်းသူမဲ့ လေယာဉ်တွေ သုံးပြီး တော့ တပ်မတော်စခန်းတွေကို ဒရုန်းဗုံးလာချတဲ့နေရာ စစ်ကြောင်းတွေ အပေါ် ဒရုန်းဗုံး လာချတဲ့နေရာ ဖြစ် တယ်။ ဒါကြောင့်မလို့ ဒီမှာ ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တယ်။ ဒီပေါက်ကွဲမှုသည် ဘာကြောင့်ဖြစ်တယ်ဆိုတာကို တော့ ကျနော်တို့ စုံစမ်းနေဆဲဖြစ်တယ်။ ယခင်တုန်းကလည်း လိုင်ဇာအနီးမှာ KIA ရဲ့ လက်နက်ခဲယမ်း သိုလှောင်ရုံ တစ်ခု ပေါက်ကွဲခဲ့တယ်။ သူတို့အနေနဲ့ သတင်းဖုံးကွယ်ပြီး လုပ်ခဲ့တာ ရှိ တယ်။ အခုလည်း ဒရုန်းဗုံးတွေ သိုလှောင် တဲ့နေရာ ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ သုံးသပ်တယ်။ မြေပြင် သတင်းကိုတော့ ကျနော်တို့ စုံစမ်းနေဆဲပဲ ဖြစ်ပါ တယ်”ဟု ပြောသည်။

ယခု လူသေဆုံးမှုနှုန်းနှင့် ဒဏ်ရာ ရရှိမှုနှုန်း အရဆိုလျှင် ဗုံးကြဲမည်ဆိုပါက ပေါင် ၂၀၀ သို့မဟုတ် ပေါင် ၅၀၀ ဗုံး မျိုး ကြဲမှ ဖြစ်နိုင်ကြောင်း၊ သို့သော်လည်း ဓာတ်ပုံများကို သေချာလေ့လာကြည့်ပါက ပေါင် ၂၀၀ သို့မဟုတ် ပေါင် ၅၀၀ ဗုံးကြဲထားသည့် လဏ္ခာမျိုး မတွေ့ရကြောင်း၊ ဒရုန်းနှင့် ဗုံးကြဲ တိုက်ခိုက်မည်ဆိုပါကလည်း ၁၀ ပေါင် သို့မဟုတ် ပေါင် ၂၀ ဗုံးများကိုသာ သယ်နိုင်သည့် ဒရုန်းကြောင့် ယခုလောက် လူသေဆုံး ဒဏ်ရာရရှိမှုကို မဖြစ် နိုင်ကြောင်း စစ်လက်နက်ခဲယမ်းများနှင့် စစ်ရေးကျွမ်းကျင်သူ တစ်ဦးက ပြောသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

၎င်းက “ ဒီဖြစ်စဉ်က လူသေဆုံးတာတော့ လုံးဝမကောင်းဘူး၊ ဘယ်သူကြောင့်ပဲ ဖြစ်ဖြစ်ပေါ့နော်။ ဒါ ကျနော် ပထမဆုံး ပြောချင်တဲ့စကားပါ။ အခု ဖြစ်စဉ်မှာ တက်လာတဲ့ ပုံတွေကို လေ့လာကြည့်တဲ့ အခါမှာတော့ လေယာဉ် နဲ့ဗုံးကြဲတယ်လို့ ပြောတယ်ပေါ့နော်။ ဒါပေမယ့် အဲလို လူသေဆုံးမှုနဲ့ ဒဏ်ရာ ရရှိမှု အရေအတွက်က ပေါင် ၂၀၀ သို့မဟုတ် ပေါင် ၅၀၀ ဗုံးမျိုး ကြဲမှ ထိခိုက်နိုင်တဲ့ အရေအတွက်မျိုး ဖြစ်တယ်။ သို့သော် အဲလိုဗုံးကြဲရင် မြေပြင်မှာ ကျင်းလိုမျိုး ချိုင့်ကွက်ကြီးဖြစ်နေရမှာ ဒါပေမဲ့ မတွေ့ရဘူး။ နောက်တစ်ချက်က မြန်မာနယ်စပ်မှာ အခု တရုတ် အထူးကိုယ်စားလှယ် ရောက်နေတယ်။ AA တို့ MNDAA တို့နဲ့ ဆွေးနွေးနေတယ်။ ဒီသတင်းကို တပ်က မရဘဲ မနေ ဘူး။ ဒီလိုအခြေအနေမှာ တရုတ်နယ်စပ်ဖြစ်တဲ့ လိုင်ဇာဘက်ကို တပ်က သွားတိုက်ခိုက်ပါ့မလား စဉ်းစားစရာရှိ တယ်၊ နောက်တစ်ချက်က လေယာဉ်သံမကြားဘူး ပေါက်ကွဲသံပဲကြားရတယ် ဒရုန်းနဲ့ လုပ်သွားတာ ဖြစ်နိုင်တယ် လို့ ပြောကြာတယ်။ အခု သုံးနေတဲ့ ဒရုန်းတွေက ပေါင် ၁၀ သို့မဟုတ် ပေါင် ၂၀ အလေးချိန် ဗုံးသီးတွေလောက်ပဲ သယ်နိုင်တာ အဲဒီ ဗုံးလောက်က အခု လူသေဆုံး ထိခိုက်တဲ့ အရေအတွက်မျိုးထိ မသက်ရောက်နိုင်ဘူး၊ ဒါကြောင့် ဒီဖြစ်စဉ်ကို သေချာ လေ့လာသုံးသပ်ကြည့်သင့်ပါတယ်”ဟု ပြောသည်။

တရုတ်-မြန်မာ နယ်စပ်တွင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီးကျွမ်း ရောက်ရှိနေပြီး ရက္ခိုင့် တပ် တော်(AA)နှင့် မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့နှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးလျက်ရှိနေသည်။

လက်ရှိမှာတော့ မုန်လိုင်ခတ် တိုက်ပွဲရှောင်စခန်း ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက အပြန်အလှန် စွပ်စွဲ ပြစ်တင်လျက်ရှိနေသည့်တိုင် အဖြေမှန်မရဘဲ ဖြစ်နေသည်။