CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀

နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များ ဖောက်ဖျက်ခြင်းနှင့် အဂတိလိုက်စားမှုများ ကျူးလွန်ခဲ့သည့်အတွက် ဒုဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းနှင့် ဗိုလ်ချုပ်(ဟောင်း)ရန် နောင်စိုးတို့ကို ထောင်ဒဏ် ၂၂ နှစ်နှင့်ညီမျှသည့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းသည် နစက အဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြား သုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

အဆိုပါ တာဝန်များ ထမ်းဆောင်စဉ်အတွင်း နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေဆိုင်ရာ မူဝါဒ၊ အရေးကြီး ကုန်စည် ဆိုင်ရာ မူဝါဒနှင့် အခြား စီးပွားရေးဆိုင်ရာ မူဝါဒများနှင့် ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ရယူ ဆောင်ရွက် ခဲ့ခြင်းဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့သည်။

ထို့နောက် နိုင်ငံတော် အစိုးရက စားအုန်းဆီများကို တင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့် ဒေါ်လာများအား ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးကာ တင်သွင်းစေခဲ့သော်လည်း နိုင်ငံ တော်အစိုးရက ခွင့်ပြုရောင်းချရန် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးတင် ရောင်းချခြင်းကို သိလျက် အရေးယူ ဆောင် ရွက်ရန် ပျက်ကွက်ခဲ့ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများက ပေးအပ်သည့် တံစိုး လက်ဆောင်ပစ္စည်းများကို ရာထူး လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ရယူဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံး ငွေများကို တရားမဝင် လက်ဝယ် ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာ ဥပဒေ ပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ၂၂ နှစ်ကာလနှင့်ညီမျှသော တစ်သက်တစ် ကျွန်း ပြစ်ဒဏ်ကို ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟု နစက-က ယနေ့ (အောက်တိုဘာ ၁၀ ရက်)တွင် ထုတ်ပြန်ခဲ့ သည်။

အလားတူ ဗိုလ်မှူးချုပ်(ဟောင်း)ရန်နောင်စိုးသည် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အဆိုပါ တာဝန် ထမ်းဆောင်စဉ်အတွင်း နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ မူဝါဒနှင့် ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေး အကျိုး အမြတ် ရယူဆောင်ရွက်ခြင်း၊ နိုင်ငံခြားသုံး ငွေဆိုင်ရာ မူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာ မူဝါဒနှင့်အခြား စီးပွား ရေး ဆိုင်ရာ မူဝါဒများနှင့် ဆန့်ကျင်ကာ နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖည် ဆောင် ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ဒုဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းနှင့်အတူ ပူးပေါင်းကျူးလွန်း ခဲ့ခြင်း၊ ရာထူး လုပ်ပိုင်ခွင့်အား အသုံးပြု၍ စီးပွားရေး လုပ်ငန်းရှင်များအား နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လဲလှယ်ပေးခဲ့ခြင်း တို့ကျူးလွန်ခဲ့သည်။

ထို့အပြင် စီးပွားရေး လုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လက်ခံရယူခဲ့ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအား ဒုဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းနှင့် ဆက်သွယ် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေများ ကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာ ဥပဒေပုဓ်များဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ၂၂ နှစ်ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို အမိန့်ချမှတ်ခဲ့သည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။