CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၃

လက်ရှိ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ရေးရည်မှန်းချက် မည်ကဲ့သို့ ရှိနေသလဲဆိုသည့်အပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များက သုံးသပ်လျက်ရှိ နေသည်။

KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့က ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုက်ပွဲများ ဖော်ဆောင်လျက်ရှိနေပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး KIA အနေဖြင့် မဟာမိတ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။ 

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်ကိုတွေ့ရစဉ်

၎င်းက “KIA ရဲ့ ရည်မှန်းချက်ကတော့ ကျနော်သိသလောက်ဆိုရင် သူကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ရည်မှန်းချက် ဖြစ်ပါတယ်၊ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့ နောက်ပိုင်းမှ သူကတော့ ပြီးသွားမယ်လို့ မြင်ပါတယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ် ဆိုပြီးမှ လုပ်ထားပါတယ်၊ ဒါကြောင့်လည်း တိုက်ပွဲဝင်တဲ့ နေရာမှာလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုပြီးမှ ကျန်တဲ့ မဟာမိတ်တွေနဲ့အတူ လက်တွဲပြီးမှ တိုက်ပွဲဝင်နေတယ်လို့ပဲ ကျနော်ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် KIA နှင့် မဟာမိတ်တပ်ဖွဲ့မှ မိုးမောက် - လွယ်ဂျယ်လမ်း၊ မိုးမောက် - ဒေါ့ဖုန်းယန်လမ်းရှိ မြန်မာ့တပ်မတော်၏ စခန်းများကို သိမ်းပိုက်ထားကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းများကို ရယူလို၍ KIA က မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

၎င်းက “သူကတော့ အဓိက နယ်စပ်ကုန်သွယ်ရေးစခန်းတွေ သူတတ်နိုင်သမျှ သူရအောင် ယူမယ်ပေါ့နော်၊ တတ်နိုင်သမျှ ရအောင်ယူထားလို့ရှိရင် နှစ်ဖက်အစိုးရကို လည်ပင်းညှစ်လို့ရတာပေါ့၊ ဒီအနေအထားကို သူယူနေ တာပါ။ မူဆယ်ကို သူမရလိုက်ဘူးလေ၊ ကွတ်ခိုင်ကို သူမရလိုက်ဘူး။ TNLA ရလိုက်တယ်၊ အဲဒီလိုမျိုးပေါ့၊ သူလည်း ရနိုင်သမျှ လုပ်တာပေါ့၊ ဒါပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လွယ်ဂျယ်မြို့အ၀င်ကို KIA ထိန်းချုပ်ထားစဉ်

လက်ရှိ တိုက်ပွဲ အနေအထားအရ KIA မှာ ၎င်းတို့၏ စစ်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်ပြီးပြီဟု ခန့်မှန်းကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုကတော့ အခြေအနေက KIA အနေနဲ့ သူ့ရဲ့ စစ်ရေးရည်မှန်းချက်တွေ အများအားဖြင့် အကောင်အထည်ဖော်ပြီးပြီလို့ ခန့်မှန်းရပါတယ်။ ဒီနေ့ မနက်ဘဲ မိုးမောက်နဲ့ လွယ်ကျယ်မှာ အဓိက စခန်းကြီး ရှင်လွန်ကမ္ဘာစခန်းကို သိမ်းလိုက်ပြီဆိုတဲ့ ယေဘုယျအားဖြင့် KIA အနေနဲ့ သူ့ရဲ့ လတ်တလော စစ်ရေးပစ်မှတ်တွေ တော့ အတော်လေးတော့ အောင်မြင်သွားပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တစ်ချိန်ထဲမှာ လွယ်ကျယ်ကုန်သွယ်ရေး ဝင်ပေါက်ကို KIA အနေနဲ့ ဝင်ရောက်ဖို့ တားဆီးတယ်ဆိုတဲ့ သတင်းတွေလည်း ကြားပါတယ်။ ဆိုလိုတာကတော့ တရုတ်-မြန်မာနယ်စပ်ကြားထဲမှာ ရှိနေတဲ့ ကချင်ပြည်နယ်မှာ ရှိနေတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်ဖက်က ထိန်းချုပ်ဖို့ လိုအပ်လာတဲ့အတွက် အခု တိန့်ရှီးကျွင်းက ဗမာပြည်ကို လာပြီးတော့ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပုံရတယ်လို့ ယူဆပါတယ်။ တချိန်ထဲမှာ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ ဒီရက်ပိုင်းတွေ အတွင်းမှာ တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှု လုပ်ဖို့ဆိုတာတွေ ရှိပါတယ်။ အဲဒါတွေ အားလုံးက ဖော်ပြနေတာတော့ ဗမာပြည်ထဲမှာ ရှိနေတဲ့ စစ်ရေးပဋိပက္ခတွေကို ထိန်းချုပ်ဖို့ ဒီအင်အားစုတွေ ညှိနှိုင်းစားပွဲကို ခေါ်ဖို့အတွက် တရုတ်ပြည်ဘက်က ကြိုးစားလာတာလို့ ဒါကိုလည်း စစ်ကောင်စီဘက်က ကြိုဆို လိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်ခင်ဗျ” ဟု ပြောသည်။

KIA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့သည် ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ ဆွမ်ဘရာဘွမ်၊ လွယ်ဂျယ် စသည့် မြို့နယ်များအတွင်းက အရေးကြီးသော မြန်မာ့တပ်မတော်၏ စစ်စခန်းများ၊ ဗျူဟာကုန်းများကို သိမ်းပိုက်ထားသည်။