CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁

ချင်းပြည်နယ် တောင်ပိုင်းဒေသများဖြစ်သည့် ပလက်ဝ၊ မင်းတပ်၊ မတူပီ၊ ဆမီး စသည့် မြို့နယ်များသို့ လက်ရှိတွင် တခြားသော ဒေသများမှ ကုန်စည်သယ်ဆောင်ရန် မလွယ်ကူခြင်းကြောင့် အိန္ဒိယမှ ကုန်စည်ကို အဓိက အားထား နေရသည်ဟု ပလက်ဝဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျောက်တော်မြို့နယ်မှ ကုန်စည်ကို ပလက်ဝ မြို့နယ်သို့ သယ်ဆောင်ရန် အဆင်မပြေသည့်အတွက် ပလက်ဝဒေသခံများသည် အိန္ဒိယမှတဆင့် သယ်ယူနေရ ခြင်းဖြစ်ကြောင်း ပလက်ဝဒေသခံ ဦးကျော်ခင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ဝန်ထမ်းတွေလည်း အခု ရန်ကုန်ကနေ ပလက်ဝကို ငွေပို့လို့မရတော့ ဒီကနေ ထိုင်း၊ ထိုင်း ကနေ အိန္ဒိယ၊ အိန္ဒိယကနေ မြန်မာငွေကို ပြန်ချိန်း အဲဒီလိုပေါ့၊ ပိုက်ဆံလည်း အဲဒီလို သွားသလိုပဲ အိန္ဒိယပစ္စည်း လည်း ဟိုဘက်ကနေ တင်လာရတယ်။ လောလောဆယ် ဆက်သွယ်ရေးလမ်းကြောင်းက အဲဒါပဲ ရှိတယ်။ ကျောက်တော်ဘက်ကလည်း လုံးဝကို မရဘူး။ အိန္ဒိယတစ်လမ်းပဲ ရတယ်” ဟု ပြောသည်။

ကုလားတန်မြစ်တစ်လျှောက်ကျေးရွာများကို တွေ့ရစဉ်

ထို့အပြင် ချင်းပြည်နယ် တောင်ပိုင်းဒေသများဖြစ်သည့် မင်းတပ်နှင့် မတူပီမြို့နယ်မှ ဒေသခံများသည်လည်း အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်၊ မီဇိုရမ်ပြည်နယ်များမှတဆင့် ကုန်စည်များကို အားထားနေရခြင်းဖြစ်သည်။

ယခင်က ချင်းပြည်နယ်တောင်ပိုင်းဒေသများသည် ပခုက္ကူမြို့နယ်မှ ကုန်စည်များကို ဝယ်ယူသုံးစွဲကြသော်လည်း လက်ရှိတွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် အိန္ဒိယမှ ကုန်စည်ကို အသုံးပြုနေရခြင်း ဖြစ်သည်။

ပလက်ဝဒေသခံများသည် ပြီးခဲ့သည့်နှစ် တိုက်ပွဲဖြစ်ပွားချိန်တွင် ရေလမ်းကြောင်းကို အသုံးပြု၍ အိန္ဒိယမှ ကုန်စည်ကို သုံးစွဲမှု ရှိခဲ့သော်လည်း အသုံးပြုမှု နည်းခဲ့ကြောင်း၊ လက်ရှိ၌ ယခင်ကထက် ပို၍ အသုံးပြုနေရခြင်း ဖြစ်သည်ဟု ပလက်ဝဒေသခံ ဦးဋ္ဌေးဝင်းက CNI သတင်းဌာနသို့ ပြောသည်။

 ကုလားတန်မြစ်တစ်လျှောက်ကျေးရွာများကို တွေ့ရစဉ်

၎င်းက “အရင်တုန်းက ကျောက်တော်ဘက်ကနေ ဝင်တော့ ဒီလမ်းကို မသုံးဘူး။ ဒါပေမယ့် အရင်ကတည်းက နယ်စပ်အထိတော့ တောက်လျောက်ပါပဲ။ ဒါပေမယ့် အသွင်းနည်းတယ်။ ရေကြောင်းနဲ့ဆိုပေမယ့် လှေမှောက်တာ တို့ ဘာတို့ညာတို့ ရှိခဲ့တော့။ ဒါပေမယ့် အခုက ဒီကနေ လုံးလုံး ပိတ်တဲ့အခါကျတော့ အန္တရာယ်ရှိပေမယ့်လည်း အဲဒီလမ်းကြောင်း သုံးရတာပေါ့။ အခု ပိုသုံးတာပေါ့၊ အရင်တုန်းကတော့ ပါးပါးလေး သုံးတာပေါ့” ဟု ပြောသည်။

အိန္ဒိယနိုင်ငံမှ လူသုံးကုန်များကို အဓိကထားတင်သွင်းပြီး စားသောက်ကုန်၊ ဆေးဝါးနှင့် ဆန်နှင့် ဆီကိုလည်း တင်သွင်းသည်ဟု သိရသည်။

ပလက်ဝမှတဆင့် အိန္ဒိယသို့ ရေလမ်းဖြင့် သွားရောက်ရာတွင် လူတစ်ဦးလျှင် မြန်မာကျပ်ငွေ ၆၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ ကုန်စည်သယ်ဆောင်ပါက ငွေကျပ် ၁ သိန်းအထိ ကုန်ကျသည်ဟု သိရသည်။