CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
မြန်မာနိုင်ငံ ပိုင်နက်နယ်မြေများကို အိန္ဒိယလွှတ်တော်အမတ်များက တောင်းဆိုနေမှုများကို အိန္ဒိယဗဟိုအစိုးရက လိုအပ်သလို ထိန်းကြောင်းတည့်မတ်ပေးရန် လိုအပ်ကြောင်း မြန်မာအစိုးရဘက်က CNI သတင်းဌာနသို့ ပြော သည်။
မီဇိုရမ်ပြည်နယ်၊ မီဇိုအမျိုးသားတပ်ဦး (MNF)ပါတီမှ အထက်လွှတ်တော်အမတ်ဖြစ်သည့် Mr. K. Vanlalvena သည် ၂၀၂၅ ခုနှစ်၊ မတ်လက မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်သို့ လာရောက်၍ ချင်းပြည်နယ်ကို မီဇိုရမ်ပြည်နယ်နှင့် ပူးပေါင်းရန် ဆွေးနွေးခဲ့သည်။
အလားတူ ၂၀၂၅ ခုနှစ်၊ မတ်လက ကျင်းပသည့် အိန္ဒိယအထက်လွှတ်တော် အစည်းအဝေးတွင် မဏိပူရပြည်နယ် လွှတ်တော်အမတ်တစ်ဦးကလည်း ကဘော်ချိုင့်ဝှမ်း(ကလေး-တမူး)ကို အိန္ဒိယနှင့်ပေါင်းစည်းရေး ဆွေးနွေးခဲ့သည်။
မြန်မာ-အိန္ဒိယ နယ်နိမိတ်ကိစ္စသည် နှစ်နိုင်ငံအစိုးရများအကြားမှာ တရားဝင် ဆွေးနွေးတိုင်းတာ အတည်ပြုပြီး ဆောင်ရွက်နေသည့် နိုင်ငံတော်အဆင့်ကိစ္စများ ဖြစ်ကြောင်း၊ ၎င်းကို မဏိပူရပြည်နယ်မှ အချို့သော နိုင်ငံရေးပါတီ များနှင့် လွှတ်တော်အမတ်များသည် ၎င်းတို့၏၏ နိုင်ငံရေးမဲဆွယ်ရန် စကားလုံးတစ်ခုအဖြစ် မကြာခဏ ပြောဆို နေသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိနေရကြောင်း မြန်မာအစိုးရက CNI သတင်းဌာနသို့ ပြောသည်။
မီဇိုရမ်လွှတ်တော်အမတ် Mr. K. Vanlalvena နဲ့ CNF တပ်ဖွဲ့ကို တွေ့ရစဉ်
၂၀၁၁ ခုနှစ်က မဏိပူရပြည်နယ် BJP ပါတီခေါင်းဆောင် ရှန်တီကူးမားက ကဘော်ချိုင့်ဝှမ်းကို မဏိပူရက ပိုင်သင့် ကြောင်း ပြောခဲ့သလို ၂၀၁၃ ခုနှစ် မဲဆွယ်မှုတွင်လည်း အဆိုပါ ပါတီကပင် ၎င်းတို့ပါတီကို မဲပေးလျှင် ကဘော်ချိုင့် ဝှမ်းကို ပြန်တောင်းပေးမည်ဟု မဲဆွယ်ခဲ့ကြောင်း၊ ယခုတွင်လည်း BJP ပါတီ၏ မဏိပူရပြည်နယ် ပါလီမန် လွှတ်တော်အမတ်က ကဘော်ချိုင့်ဝှမ်းဒေသကို အိန္ဒိယက ပိုင်သည်ဆိုသည့်သဘော ပြောဆိုခြင်းသည် မဖြစ်သင့် သည့်ကိစ္စဖြစ်ကြောင်း မြန်မာအစိုးရက ပြောသည်။
မြန်မာအစိုးရက “အိန္ဒိယနိုင်ငံက တာဝန်ရှီသူများ အနေနှင့် နိုင်ငံတော်အဆင့် သဘောတူဆောင်ရွက်နေသော ကိစ္စများကို ပြည်နယ်တစ်ခု၊ ပါတီတစ်ခုက ဖျက်လိုဖျက်ဆီး ပြောဆိုနေမှုများကို လိုအပ်သလို ထိန်းကြောင်း တည့်မတ်ပေးရန် လိုအပ်ပါတယ်။ ကဘော်ချိုင့်ဝှမ်းဒေသသည် သမိုင်းနှင့်ယှဉ်ပြီး မြန်မာနိုင်ငံပိုင်ဖြစ်သလို လက်ရှိ တွင်လည်း နှစ်နိုင်ငံအစိုးရများက လက်ခံအတည်ပြုထားသော မြန်မာနိုင်ငံ၏ ပိုင်နက် နယ်မြေများဖြစ်ပါသည်” ဟု CNI သတင်းဌာနသို့ ပြောသည်။
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား တည်ရှိသော အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း ဆက်ဆံရေးများကို မြန်မာ နိုင်ငံဘက်က အမြဲရပ်တည် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ အိန္ဒိယနိုင်ငံအနေနှင့်လည်း ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးသည့် နှစ်နိုင်ငံ ဆက်ဆံရေးကို တန်ဖိုးထားပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေမည့် ပြုမူပြောဆိုမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သလို ထိန်းသိမ်းဆောင်ရွက်သင့်ကြောင်း မြန်မာအစိုးရက ပြောကြားခဲ့သည်။
CNI သတင်းဌာန၏ မေးမြန်းချက်ကို မြန်မာအစိုးရက ဖြေကြားထားစဉ်
လက်ရှိတွင် မြန်မာ-အိန္ဒိယနယ်စပ်၌ရှိသော ချင်းပြည်နယ် အပါအင် ကဘော်ချိုင့်ဝှမ်း (တမူး-ကလေး)ဒေသ၌ မြန်မာ့တပ်မတော်နှင့် တော်လှန်ရေး အင်အားစုများကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် နယ်မြေအတွင်း မတည်မငြိမ်ဖြစ်ပေါ်ကာ တရားဥပဒေစိုးမိုးမှု အားနည်းနေခြင်းကို အခွင့်ကောင်းယူ၍ အိန္ဒိယလွှတ်တော်အမတ်များက နယ်မြေသိမ်းပိုက်ရေး စည်းရုံးမှုလုပ်လာနေခြင်းဖြစ်နိုင်သည် ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အလားတူ အိန္ဒိယလွှတ်တော်အမတ်များ၏ နယ်မြေသိမ်းပိုက်ရေး စည်းရုံးမှုများက အိန္ဒိယဗဟိုအစိုးရ၏ သဘောထား ပါ/မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ အိန္ဒိယဗဟိုအစိုးရကလည်း လွှတ်တော် အမတ်များ၏ လုပ်ဆောင်နေမှုကို ရှင်းရှင်းလင်းလင်း ထိန်းကြောင်းရန် လိုအပ်ကြောင်း၊ ထိုမှသာ မြန်မာ ပြည်သူလူထုက အိန္ဒိယနိုင်ငံအပေါ် အမြင်ရှင်းလင်းနိုင်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။